စစ်အုပ်ချုပ်ရေးခိုင်မာစေပြီး နိုင်ငံတကာဖိအား လျှော့ချရန် ရည်ရွယ်ပြုလုပ်မည့် မြန်မာစစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များက ပြတ်ပြတ်သားသား ပယ်ချရမည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက အောက်တိုဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာ့အရေး ချဉ်းကပ်မှုနှင့်ပတ်သက်၍ အာဆီယံသည် အရေးကြီးသည့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုလွန်ခဲ့တဲ့ လေးနှစ်မှာ လက်မှတ်ထိုးလိုက်ချိန်ကတည်းက ဒီဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက သရော်လာခဲ့တယ်။ အခုချိန်မှာ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံက တရားဝင်အသိအမှတ်ပြုပေးဖို့ လိုလားနေတယ်။ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ အကျဉ်းကျခံနေရချိန် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ပိတ်ပင်တားမြစ်ခံထားရချိန် ၊ အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေ မလျော့သေးဘဲ ဆက်လက်ဖြစ်ပွားနေချိန် ဖြစ်ပေမယ့် မြန်မာစစ်အုပ်စုက ဒါကို လိုလားနေပါတယ်”ဟု ၎င်းက ဆိုသည်။
အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်မှာ ရည်ရွယ်ချက်ကောင်းသော်လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလမ်းကြောင်းပေါ် ရောက်ရှိရန် တွန်းအားမပေးနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
မြန်မာစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံကို နောက်ပြန်ဆွဲခြင်း ဖြစ်ကြောင်း ၎င်းက သတိပေးသည်။
“ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်တာအပါအဝင် စစ်ကောင်စီရဲ့ လှည့်စားမှုကို တရားဝင်ဖြစ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို အာဆီယံခေါင်းဆောင်တွေအနေနဲ့ မလုပ်မိဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
“နိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အခြေခံလွတ်လပ်ခွင့်တွေ ချေမှုန်းဖျက်ဆီးခံထားရချိန် ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေအကြားမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် ၊ တရားမျှတပြီး ယုံကြည်စိတ်ချလို့ ရနိုင်မှာ မဟုတ်ပါဘူး” ဟု တွမ်အန်ဒရူးစ်က ဆိုသည်။
မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုအဆုံးသတ်ရေး ၊ သက်ဆိုင်သူအားလုံးနှင့် အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး ၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ရရှိရေးအတွက် ဖိအားပေးတောင်းဆိုကာ အာဆီယံအဖွဲ့၏ ခေါင်းဆောင်မှုအရည်အသွေးကို ပြသရန် မြန်မာပြည်သူများက မျှော်လင့်နေကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂအထွေထွေညီလာခံသို့ ၎င်း တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တောင်းဆိုချက်များအတိုင်း တွမ်အင်ဒရူးစ်က အာဆီယံအား တိုက်တွန်းခဲ့သည်။
ယင်းတို့မှာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက သိသာထင်ရှားစွာ ချိုးဖောက်နေကြောင်း အာဆီယံအနေဖြင့် အသိအမှတ်ပြုရန် မြန်မာစစ်အုပ်စု၏ အရာရှိများ (သို့) မြန်မာစစ်အုပ်စု၏ လက်အောက်ခံအဖွဲ့အစည်းများမှ အရာရှိများကို အာဆီယံထိပ်သီးအစည်းအဝေးများနှင့်အခြားလုပ်ငန်းစဉ်များမှ ပိတ်ပင်တားမြစ်ရန် ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ကိုယ်စားပြုသည့် အခြားအရေးပါသည့် အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် ၊ လိုအပ်နေသည့် မြန်မာပြည်သူအားလုံးထံ လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရေးကို လွယ်ကူချောမွေ့အောင် အာဆီယံက ကူညီပေးရန် ၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရေးတို့ကို အာဆီယံက ထောက်ပံ့ပေးရန်တို့ ဖြစ်သည်။
လာမည့် အာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံအဖွဲ့၏ ယုံကြည်စိတ်ချရမှုကို တိတိကျကျ ဆုံးဖြတ်ပေးမည့် အချိန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ ရုန်းကန်တိုက်ပွဲမှာ သူတို့ရဲ့ မှတ်သားလောက်စရာ သတ္တိကို ပြသနေကြတယ်” ဟု ၎င်းက ဆိုသည်။
“မြန်မာပြည်သူတွေဟာ စကားလုံးတွေကို မလိုအပ်ဘူး။ အမှန်တကယ် အရေးယူဆောင်ရွက်မှုကိုပဲ လိုအပ်တယ်။ အာဆီယံအနေနဲ့ အနည်းဆုံးအားဖြင့် အတုအယောင်ရွေးကောက်ပွဲတစ်ခုကို အသိအမှတ်ပြုပေးပြီး နောက်ပြန်ဆွဲတာမျိုး မဟုတ်ဘဲ ရှေ့တစ်လှမ်းတိုး ဆောင်ရွက်ပေးဖို့ မြန်မာပြည်သူတွေက လိုအပ်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဆိုသည်။