စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေးမြှင့်တင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ထားဝယ်နဲ့ မြိတ်ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ သူက ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိတွေ အများအပြား ပေးခဲ့ပါတယ်။
“မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း” ဆိုပြီးလည်း စက်တင်ဘာလ ၁၈ ရက်နေ့ ထားဝယ်မြို့ခရီးစဉ်မှာ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ ကတိတွေဟာ အပေါ်ယံကြည့်လိုက်ရင် အားတက်စရာကောင်းပုံရပေမယ့် လက်ရှိ မြေပြင်က တိုက်ပွဲတွေအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ပြန်ချိန်ထိုးကြည့်မယ်ဆိုရင်တော့တကယ်တမ်း အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲတဲ့ မက်လုံးတွေ၊ မရေရာတဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်နေတာကို တွေ့ရမှာပါ။
တစ်ဖက်မှာလည်း လုံခြုံရေးကိုသာ ဦးတည်ပြီး ဒေသခံတွေရဲ့ အကျိုးစီးပွားကို လျစ်လျူရှုလေ့ရှိတဲ့ စစ်အာဏာရှင်အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် မင်းအောင်လှိုင်စကားတွေက လေထဲမှာပဲ ပျောက်သွားမယ်ဆိုတာ လူထုကသိနေပါပြီ။
ဥပမာ ရော်ဘာကုန်ကြမ်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပြီး နိုင်ငံတကာဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတာတွေ၊ ဒေသခံတွေရဲ့ ဆန်ဖူလုံမှုနဲ့ အခြားသီးနှံများ အထွက်နှုန်း တိုးတက်ရေးအတွက် ကူညီပေးမယ်ဆိုတာတွေကို မစားရဝမခန်း လေထွားချက်တွေပါပဲ။
တကယ်တမ်းမြေပြင်မှာ ရော်ဘာတောင်သူတွေ၊ လယ်သမားတွေဟာ တိုက်ပွဲတွေကြောင့် သူတို့ရဲ့ စိုက်ပျိုးမြေတွေကို စွန့်ပစ်ပြီး အသက်လုထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။ သွင်းအားစုဈေးနှုန်းတွေ မတန်တဆမြင့်တက်နေတာ၊ ကျွမ်းကျင်းလုပ်သမားရှားပါးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက ရော်ဘာတွေဟာ ကုန်အကြမ်းအဆင့်နဲ့ နယ်စပ်ဂိတ်တွေကနေတစ်ဆင့် တင်ပို့နေရပါတယ်။ အများဆုံတင်ပို့တာက တရုတ်နိုင်ငံကိုပါ။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်အပါအဝင် တရုတ်နိုင်ငံနဲ့ အများဆုံးကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်တွေကို စစ်ကော်မရှင်က အပြည့်အဝထိန်းချုပ်နိုင်တာမျိုး မရှိတော့ပါဘူး။
ဒီနယ်စပ်ဂိတ်တွေရဲ့အခြေအနေအရ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီးအကန့်အသတ် ဖြစ်လာတာဟာ ရော်ဘာလို စိုက်ပျိုးရေးပို့ကုန်တွေ တင်ပို့ရာမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“နယ်စပ်ဂိတ်တွေကိစ္စက တကဏ္ဍထားလိုက်ဦး။ သူ(မင်းအောင်လှိုင်) ပြောသွားတာက ရော်ဘာကုန်ကြမ်းကို ကုန်ချောထုတ်ပြီး နိုင်ငံခြားပို့မယ်ဆိုတဲ့ကိစ္စ တကယ်တော့ လက်တွေ့မှာ မဖြစ်နိုင်သေးဘူး။ ဒီကရော်ဘာတွေကို အရည်အသွေးကောင်းအောင်လုပ်ရမှာတွေ ကြားထဲမှာလုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အခုလက်ရှိ တို့ဆီက ရော်ဘာတွေက ကုန်ကြမ်းအဆင့်ပဲရှိတာ။ ကုန်ကြမ်းတောင်မှ ထိုင်းနိုင်ငံရဲ့ ရော်ဘာဈေးတွေနဲ့ယှဉ်လိုက်ရင် တို့ဆီက ရော်ဘာတွေက အမှိုက်သာသာဈေးနဲ့ ထိုးရောင်းနေရတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီအဆင့်မှာကို တိုးတက်ဖို့ အများကြီးလုပ်ရဦးမယ်။ ကုန်ချောထုတ်ဖို့ဆိုတာကတော့ အရမ်းဝေးပါသေးတယ်”လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
တနင်္သာရီတိုင်းက ရော်ဘာတောင်သူတွေကတော့ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကိုယ့်ခြံထဲကိုယ်သွားဖို့ကိုတောင် ကြောက်လန့်နေရတဲ့အခြေအနေပါ။ ခြံထဲသွားရင်း အသက်ပေးလိုက်ရတာတွေ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူတွေ တစ်နေ့ထက်တစ်နေ့ များလာနေပါတယ်။
ဆန်စပါးတွေဆိုလည်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်မရ၊ တစ်နေရာကနေတစ်နေရာကို သယ်လို့မရအောင် ဖမ်းဆီးနေလို့ စံချိန်တင်စျေးတွေ ကျဆင်းနေပါတယ်။
အခြေခံစားသောက်ကုန်၊ လောင်စာဆီနဲ့ ဆေးဝါးကုသစရိတ်တွေအားလုံး မိုးထိမြင့်တက်နေချိန်မှာပဲ တစ်ခုတည်းစျေးကျဆင်းနေတာက စပါးဈေးဖြစ်ပါတယ်။ တစ်ပိဿာလေးသောင်းကျပ်ဖြစ်နေတဲ့ ဝက်သားဝယ်စားနိုင်ဖို့ လယ်သမားတွေဟာ စပါးငါးတင်းလောက် ရောင်းမှကျပ်လေးသောင်း ရမှာပါ။
“စပါးရောင်းမရချင်းတူတူ လယ်လုပ်နေတာ ဘာထူးမှာလဲ။ လုပ်ရင်လည်း ကိုယ်စားဖို့အတွက်ပဲ လုပ်တော့မယ်။ (စက်သုံး)ဆီကဝယ်ရခက်၊ ဓာတ်မြေဩဇာကဈေးကြီး၊ လယ်ထွန်ခ နှစ်တိုင်းတက်နေတာ။ ရှိသမျှအကုန်(ကုန်ဈေးနှုန်း)တက်နေပြီး စပါးဈေးတစ်ခုပဲကျနေတာ လယ်သမားတွေ သေပြီပေါ့” လို့ လောင်းလုံးမြို့နယ်က လယ်သမားတစ်ဦးက ညီးတွားပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေး သွင်းအားစုတွေကို လုံခြုံရေးအကြောင်းပြ ကန့်သတ်ထားလို့ ဓာတ်မြေသြဇာတွေ သယ်လို့မရတာ၊ လောင်စာဆီတွေ မရှိလို့ ထွန်ယက်စိုက်ပျိုးမရတာတွေ အများကြီးရှိသေးတယ်။
လေဆိပ်တွေကို အဆင့်မြှင်တင်တာက သူပြောသလို ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေးဆိုတာထက် စစ်ဖက်သုံးလေယာဉ်ပျံတွေ၊ တိုက်လေယာဉ်တွေ အလွယ်တကူအတက်အဆင်းလုပ်ပြီး ပြည်သူတွေကို ဗုံးကြဲဖို့ပဲဆိုပြီး သုံးသပ်နေကြပါတယ်။
ဒါကလည်း အချက်အလက်အရ ကြည့်မယ်ဆိုရင် ငြင်းလို့မရတဲ့ အခြေအနေပါ။ ကုန်စည်တွေ သယ်ယူခွင့်ကို တင်းကျပ်ထားတာကြောင့် မြို့နယ်အတွင်း တစ်နေရာကနေ တစ်နေရာကို သယ်ဖို့တောင်မလွယ်ပါဘူး။
နောက်ပြီးလေကြောင်းကနေ ကုန်စည်တွေပို့ဖို့ဆိုတာ ထမ်းပိုးထက်လက်ခကြီးမယ့် အခြေအနေပါ။
လတ်တလောမှာတော့ ဒေသခံတွေထက် လေယာဉ်ကွင်းကို ပိုသုံးနေတာက စစ်အာဏာရှင်တပ်ပါ။
တစ်လျှောက်လုံး ဗုံးကြဲလေယာဉ်အတက်အဆင်းမရှိတဲ့ ထားဝယ်လေယာဉ်ကွင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာတော့ Y-12 လေယာဉ်တွေအတက်အဆင်းလုပ်ပြီး ထားဝယ်ခရိုင်ကို ဗုံးကြဲတာတွေ လုပ်ဆောင်လာနေပါတယ်။
မင်းအောင်လှိုင် ထားဝယ်မလာခင် တစ်ရက်အလိုမှာတောင် ထားဝယ်ခရိုင်ထဲက ကျေးရွာ ၁၁ ရွာကို ဒီလိုနည်းနဲ့ပဲ ဗုံးကြဲခဲ့သေးတာ လက်တွေ့ပါပဲ။
“ထားဝယ်ကွင်းကို ပြင်ဆင်နေတယ်ဆိုတာတော့ ကျွန်တော်တို့သတိထားမိနေတာကြာပြီ။ မွန်နဲ့ ထားဝယ်ခရိုင်ကို အချိန်တိုတိုလေးအတွင်းမှာ လေယာဉ်တွေပျံတက်ပြီး ဗုံးကြဲဖို့အတွက် ထားဝယ်ကွင်းကို ပြင်ဆင်တဲ့သဘောလို့ ကျွန်တော်တို့ကတော့ အဲလိုပဲယူဆထားတယ်” လို့ ထားဝယ်ခရိုင်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
နောက်ပြီးတော့ပြောသွားသေးတာက ပညာတတ်လူသားအရင်းအမြစ်တွေ ပေါ်ထွက်လာဖို့အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးကို အလေးပေး ဆောင်ရွက်မယ်တဲ့။
ဒီစကားကြားတော့ ဗုံးခိုကျင်တွေထဲ အသက်ကိုဖက်နဲ့ထုပ်ပြီး စာသင်နေရတဲ့ကျောင်းသားတွေ၊ အမြောက်ကျည်ဆန်တွေကြား အသက်မဲ့သွားတဲ့ ကလေးတွေရဲ့ ရုပ်အလောင်းတွေ၊ သွေးစွန်းနေတဲ့ ဖတ်စာအုပ်တွေကိုပဲ ပြေးပြေး မြင်နေမိတော့တယ်။
မေလ ၁၂ ရက်ကနေ့က ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို စစ်အာဏာရှပ်တပ်က ဗုံးကြဲခဲ့လို့ ကျောင်းသားကလေးငယ်တွေ သေဆုံးခဲ့ရပါတယ်။ ဒါအပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တုန်းကလည်း ကျောင်းသားတွေ သေကြေခဲ့ကြရတာပါပဲ။
တကယ်တော့ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကျင်းပဖို့ပြင်နေတဲ့ ဒီဇင်ဘာရွေးကောက်ပွဲ မတိုင်ခင် သုံးလလောက်အလိုမှာ ရောက်လာတဲ့ မင်းအောင်လှိုင်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်ဟာ သူတို့စစ်အုပ်စု အာဏာတည်မြဲရေး ခရီးစဉ်ထက်မပိုဘူးဆိုတာ သက်သေပြနေတဲ့ နောက်ထပ်တစ်ချက်လည်း ရှိပါသေးတယ်။
စစ်ခေါင်းဆောင်ဟာ လေဆိပ်တွေအဆင့်မြှင်တင်မယ်၊ ရော်ဘာနဲ့ ရေလုပ်ငန်းတွေကို အားပေးမယ်၊ ကလေးတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ရမယ်ဆိုပြီး မဖြစ်နိုင်တာတွေ ပြောဆိုနေတဲ့တစ်ချိန်တည်းမှာပဲ ၂၀၂၀ အာဏာသိမ်းမှုဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း တနင်္သာရီတိုင်းခရီးစဉ်မှာ ထပ်ပြီးပြောဆိုသွားပါသေးတယ်။
ဒါပေမဲ့ ၂၀၂၅ ဒီဇင်ဘာလမှာ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲကျတော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပါ ဆိုပြီး အထပ်ထပ်ချီးမွှန်းခန်းဖွင့်သွားပါတယ်။ သူတို့တီထွင်ထားတဲ့ အီလက်ထရွန်းနစ် မဲပေးစက်တွေဟာ ဘယ်လိုကောင်းပါတယ်ဆိုတာက ပါသေး။
မင်းအောင်လှိုင်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်မှာ ပြောသွားတာတွေကို ခြုံကြည့်လိုက်ရင် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး။ အခုသူတို့ကျင်းပပေးမယ့် ရွေးကောက်ပွဲသည်သာ အလွန်တရာ တရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်တယ်။ ဒါကြောင့် ထားဝယ်နဲ့ မြိတ်က လုပ်ငန်းရှင်တွေ ရွေးကောက်ပွဲကို ထောက်ခံကြပါ။ ဒီလိုထောက်ခံလို့ အောင်မြင်သွားရင် အထက်မှာပေးထားတဲ့ စီးပွားရေးကတိတွေကို အကောင်အထည်ဖော်ပေးမယ်ဆိုပြီး မဲလာဆွယ်သွားတာပဲ မဟုတ်လား။
ဒါဟာ မင်းအောင်လှိုင် တနင်္သာရီတိုင်းကို လာရတဲ့ အဓိကရည်ရွယ်ချက်ဆိုတာ အသေအချာပါပဲ။




