ကလေးများတွင် အော်တစ်ဇင်ဖြစ်ပွားမှုနှင့် ဆက်နွယ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အက်စီတမိုင်နိုဖန် (ပါရာစီတမောဟု လူသိများသည်) ဆေးဝါးကို အသုံးပြုခြင်းအား ကန့်သတ်သင့်သည်ဟူသော ဒေါ်နယ်လ်ထရမ့်အစိုးရအဖွဲ့၏ အကြံပြုချက်ကို အခြေအမြစ် မရှိကြောင်းနှင့် မလိုအပ်သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း ပညာရှင်များက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချကြသည်။
အဆိုပါကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က “ကျွန်တော်တို့ဟာ အော်တစ်ဇင်( Autism) တွေအတွက် အဖြေတစ်ခုကို ရှာတွေ့ပြီလို့ ထင်ပါတယ်” ဟု ရဲရဲဝံ့ဝံ့ ကြေညာခဲ့ခြင်းနှင့်အတူ မီးမောင်းထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်သူအများအပြားသည် ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမောသောက်သုံးခြင်းက ကလေးများအတွက် အော်တစ်ဇင်ရောဂါ ရရှိနိုင်ခြေကို တိုးစေကြောင်း ခိုင်မာသည့် အထောက်အထားမရှိဟု ထောက်ပြပြီး အဆိုပါကြေညာချက်ကို အလျင်အမြန်ပင် ဝေဖန်ခဲ့ကြသည်။
ပညာရှင်အချို့က အေဘီစီသတင်းဌာနသို့ ယခုကိစ္စနှင့်စပ်လျဉ်း၍ “သိပ္ပံပညာကို လုံးဝကို ချဲ့ကားဖတ်ရှုခြင်းဖြစ်ကြောင်း” နှင့် “အထောက်အထား ခိုင်ခိုင်မာမာမရှိဘဲနှင့် ထင်မြင်ရာကို ပြောဆိုခြင်း” ဟု ပြောကြားခဲ့ကြသည်။
ဩစတြေးလျတွင်မူ ဩစတြေးလျအစိုးရက အဆိုပါကိစ္စရပ်အတွက် အသေးစိတ်အချက်အလက်များကို စေ့ငုရှာဖွေ လေ့လာနေကြောင်း ပြောကြားခဲ့ပြီး စိုးရိမ်ပူပန်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလုံးကို ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များရယူရန် တိုက်တွန်းထားသည်။
ဒီကြေညာချက်ထဲမှာ ဘာတွေအတိအကျ ပါဝင်သလဲ?
သမ္မတဒေါ်နယ်လ်ထရမ့်၏အစိုးရအဖွဲ့ ထုတ်ပြန်သောကြေညာချက်၏အဓိကအချက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများက မွေးလာမည့်ရင်သွေးများ အော်တစ်ဇင်ဖြစ်လာမည်ကို စိုးရိမ်မှုများကြောင့် အက်စီတမိုင်နိုဖန် ဆေးဝါး အသုံးပြုခြင်းကို ကန့်သတ်သင့်ကြောင်း အကြံပြုထားခြင်းဖြစ်သည်။
ကျွမ်းကျင်သူများက ဤဆက်နွယ်မှုများမှာ သံသယဖြစ်ဖွယ်ကောင်းလှပြီး ယင်းသို့သောယူဆချက်ကို ထောက်ခံသည့် သိပ္ပံနည်းကျ အထောက်အထား မရှိဟု ပြောကြားထားကြသည်။
ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာသည် လွန်ခဲ့သောဧပြီလက ကျန်းမာရေးနှင့် လူ့ဝန်ဆောင်မှုဌာနကို အော်တစ်ဇင်ဖြစ်ရခြင်း အကြောင်းရင်းများနှင့်ဆက်စပ်သော စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့ဖူးသည်။
လက်ရှိတွင် ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာက အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က “ကိုယ်ဝန်ဆောင်စဉ် အက်စီတမိုင်နိုဖန်အသုံးပြုခြင်း၏ အန္တရာယ်” နှင့်ပတ်သက်၍ ဆရာဝန်များအား အသိပေးစာတစ်စောင် ထုတ်ပြန်မည်ဖြစ်ပြီး အမေရိကန်တွင် ရောင်းချသော Tylenol ကဲ့သို့သော ဆေးပစ္စည်းများအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ညွှန်ကြားချက်ဆိုင်းဘုတ်များကို ပြောင်းလဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနေဒီက ဆေးဘက်ဆိုင်ရာဆရာဝန်များသည် အထိရောက်ဆုံးသောဆေးပမာဏကို အတိုဆုံးအချိန်အတွင်း ညွှန်းပေးခြင်းဖြင့် ၎င်းတို့၏ “အကောင်းဆုံးသော ဆုံးဖြတ်ချက်” ကို လုပ်ဆောင်ပေးသင့်သည်ဟု ပြောကြားခဲ့သည်။
အက်စီတမိုင်နိုဖန်သည် ပါရာစီတမောနှင့် တူညီပါသလား?
အက်စီတမိုင်နိုဖန်သည် ဩစတြေးလျတွင် ပါရာစီတမောဟု လူသိများပြီး ၎င်းနှင့် ပါရာစီတမောမှာ အတူတူပင်ဖြစ်သည်။ Tylenol ဟု ခေါ်သော အမှတ်တံဆိပ်သည် အက်စီတမိုင်နိုဖန် (သို့မဟုတ်) ပါရာစီတမောပင်ဖြစ်သည်။ အက်စီတမိုင်နိုဖန်မှာ ဆေးအာနိသင်တွင်ပါဝင်သော ပင်မဓာတ်ပစ္စည်းဖြစ်ပြီး အက်စီတမိုင်နိုဖန် (သို့မဟုတ်) ပါရာစီတမောသည် ကမ္ဘာတစ်ဝန်းတွင် အကျယ်ပြန့်ဆုံး အသုံးပြုသည့် ဆေးဝါးများအနက်မှ တစ်ခုလည်းဖြစ်ချေသည်။
ပါရာစီတမောနှင့် အော်တစ်ဇင်တို့အကြား ဆက်စပ်မှုရှိပါသလား?
သိပ္ပံပညာရှင်များသည် ကိုယ်ဝန်ဆောင်စဉ် အက်စီတမိုင်နိုဖန် အသုံးပြုခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းမှုများအကြား ဖြစ်နိုင်ဖွယ်ဆက်စပ်မှုများကို အချိန်ကြာမြင့်စွာ စုံစမ်းစစ်ဆေးခဲ့ကြသည်။
လေ့လာမှုအချို့က ဆက်စပ်မှုရှိကြောင်း တင်ပြခဲ့သော်လည်း ကျွမ်းကျင်သူများပါဝင်သော ပညာရှင်အဖွဲ့ကမူ အဆိုပါဆက်စပ်မှုကို ထောက်ခံချက်ပေးနိုင်လောက်သည့် ခိုင်လုံသော အထောက်အထားမရှိဟု ငြင်းဆိုခဲ့ကြသည်။
ထောက်ခံချက်ပေးနိုင်လောက်သည့် ခိုင်လုံသော အထောက်အထားမရှိဟု ပြောကြားထားသူများတွင် ဩစတြေးလျနှင့် နယူးဇီလန် သားဖွားမီးယပ်နှင့် မီးယပ်အထူးကုကောလိပ် (RANZCOG) မှ မိခင်နှင့်သန္ဓေသား ဆေးပညာအထူးကု ဆရာဝန်ဖြစ်သူ ဒေါက်တာ အယ်လီရှာ ဘရွန်းလည်း ပါဝင်သည်။
လေ့လာမှုများတွင် မျိုးရိုးဗီဇ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များအပြင် အမျိုးသမီးတစ်ဦးအနေဖြင့် အဖျားတက်ခြင်း သို့မဟုတ် ကူးစက်ရောဂါတစ်ခုခုကြောင့် အက်စီတမိုင်နိုဖန် သောက်သုံးရသည့် အကြောင်းရင်းကပင် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်ဟူသော စွပ်စွဲချက်များကို ဖြေရှင်းချက်ပေးရန် ရုန်းကန်လာရနိုင်ကြောင်း ဒေါက်တာ အယ်လီရှာ ဘရွန်းက ပြောကြားသွားခဲ့သည်။
ဒေါက်တာ ဘရွန်းက အဆိုပါကိစ္စအတွက် အဆင့်အတန်းအမြင့်မားဆုံး လေ့လာမှုမှာ ယမန်နှစ်က အမေရိကန် ဆေးပညာအသင်းဂျာနယ် (Journal of the American Medical Association) တွင် ထုတ်ဝေခဲ့သော ဆွီဒင်နိုင်ငံရှိ ကလေးနှစ်သန်းကျော်ကို လေ့လာမှုမှာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါလေ့လာမှုတွင် မောင်နှမအရင်းများကို နှိုင်းယှဉ်ခဲ့ပြီး ကိုယ်ဝန်ဆောင်စဉ် အက်စီတမိုင်နိုဖန် အသုံးပြုခြင်းနှင့် အော်တစ်ဇင်၊ အေဒီအိတ်ချ်ဒီ (ADHD) သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ မသန်စွမ်းမှု အန္တရာယ်တို့အကြား ဆက်စပ်မှုမရှိကြောင်းကို သက်သေပြနိုင်ခဲ့သည်။
နယူးယောက်ရှိ School of Medicine at Mount Sinai သည် မကြာသေးမီက ကွဲပြားခြားနားသော ကောက်ချက်တစ်ခုကိုရရှိသည့် သုတေသနပြုမှုကို ထုတ်ဖော်အသိပေးခဲ့ပြီး ၎င်းက နိုင်ငံပေါင်းစုံမှ လေ့လာမှု ၄၆ ခုကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးနောက် ဆက်စပ်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဒေါက်တာ ဘရွန်းကမူ ယင်းတွေ့ရှိမှု၌ ခိုင်မာသောအချက်အလက်များ လုံလောက်စွာ မပါရှိကြောင်း တုံ့ပြန်ပြောကြားထားသည်။
အရေးအကြီးဆုံးအချက်မှာ အမေရိကန် သုတေသီများကိုယ်တိုင်က ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အက်စီတမိုင်နိုဖန်ကို အထိရောက်ဆုံး ဆေးပမာဏ ချိန်ဆ၍ အတိုဆုံးအချိန်အတွင်း စိတ်ချစွာ အသုံးပြုနိုင်သေးကြောင်း အကြံပေးထားခြင်းဖြစ်သည်။
“အန္တရာယ်နဲ့ အကျိုးကျေးဇူး ဟန်ချက်ညီမှုကို လေ့လာလိုက်ရင် ပါရာစီတမောက အန္တရာယ်ထက် အကျိုးကျေးဇူးဘက်ဆီကို အများကြီးဦးတည်နေပါသေးတယ်လို့ ကျွန်တော်တို့ သက်သောင့်သက်သာ ပြောနိုင်ပါသေးတယ်” ဟု ဒေါက်တာ ဘရွန်းက ပြောကြားခဲ့သည်။
တုံ့ပြန်မှု ဘယ်လိုရှိသလဲ?
နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ဒေါ်နယ်လ်ထရမ့်အစိုးရအဖွဲ့၏ကြေညာချက်ကို ယခုကဲ့သို့ ဝေဖန်ခဲ့ကြသည်။
ဩစတြေးလျအခြေစိုက် ကလေးများ သုတေသနအင်စတီကျူ၏ ဒုတိယညွှန်ကြားရေးမှူး ပါမောက္ခ အန်ဒရူး ဝိုက်ဟောက်စ်က ထရမ့်အစိုးရအဖွဲ့၏ကြေညာချက်သည် “သိပ္ပံပညာကို လုံးဝ ချဲ့ကားဖတ်ရှုခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကိုယ်ဝန်ဆောင်ထားရချိန်မှာ ပါရာစီတမော သောက်သုံးတာက ကလေးတွေမှာ အော်တစ်ဇင်ဖြစ်ပွားရတာရဲ့ အကြောင်းရင်းဖြစ်တယ်လို့ပြောဖို့အတွက် လုံးဝကို အထောက်အထားမရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
“ကျွန်တော့်ရဲ့ ၂၅ နှစ်တာကာလထဲမှာ အော်တစ်ဇင်ကို ယဉ်ကျေးမှုဆိုင်ရာ စစ်ပွဲတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် အသုံးချတာမျိုးကို အကြိမ်ကြိမ်အခါခါ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့က သက်သေမပြနိုင်တဲ့အရာအတွက် အချိန်၊ စွမ်းအင်၊ အာရုံစိုက်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေ စိုက်ထုတ်သုံးစွဲနေတာက ကလေးတွေနဲ့ မိသားစုတွေအတွက် တကယ်အရေးကြီးတဲ့ တခြားကိစ္စတွေကို ဖြေရှင်းဖို့အတွက် သုံးစွဲရမယ့် အချိန်၊ အာရုံစိုက်မှု၊ စွမ်းအင်နဲ့ နေရာတွေကို ဝင်ယူသွားတာပဲဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသွားခဲ့သည်။
အော်တစ်ဇင်ရောဂါဖြင့် ရှင်သန်နေထိုင်ရသော လွတ်လပ်သော မသန်စွမ်းသူများဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ကလဲရာ ဂစ်ဘယ်လင်နီကလည်း အဆိုပါကြေညာချက်နှင့်ပတ်သက်၍ “တော်တော်လေး ဒေါသထွက်မိကြောင်း” ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို စိတ်ကွယ်ရာဖြစ်အောင် လုပ်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့အသိုင်းအဝိုင်းက ကိုယ်ပိုင်အခွင့်အရေးအရ လူသားတွေလက်ခံအောင် လုပ်ဆောင်ခဲ့တဲ့ ကြိုးပမ်းအားထုတ်မှုတွေ အားလုံးကို အန္တရာယ်ရှိတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ခေတ်နောက်ပြန်ဆွဲလိုက်တယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။
ထရမ့်အစိုးရအဖွဲ့၏ကြေညာချက်သည် “လိင်ခွဲခြားမှုကို အခြေခံသည်” ဟု ခံစားရကြောင်း ၎င်းက မှတ်ချက်ပေးခဲ့ပြီး သမိုင်းတစ်လျှောက် ကလေးများ အော်တစ်ဇင်ဖြစ်ရခြင်းအတွက် အမျိုးသမီးများတွင်သာ အပြစ်ရှိသည်ဟူသောအယူအဆကို လူအများ ထင်ယောင်ထင်မှားဖြစ်စေရန် တွန်းပို့သကဲ့သို့ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
“အဲဒါက တော်တော်လေးကို ဆိုးရွားပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်တဲ့ ကလေးတွေရဲ့ မိခင်တစ်ယောက်အနေနဲ့ ဒီအငြင်းပွားမှုထဲမှာ လက်နက်တစ်ခုလို အသုံးချခံရတယ်လို့ ခံစားရပါတယ်” ဟု ဂစ်ဘယ်လင်နီက ဆက်လက် ပြောကြားသွားခဲ့သည်။
ပါရာစီတမောသည် ကိုယ်ဝန်ဆောင်စဉ် စိတ်ချရပါသလား?
ဩစတြေးလျ၌ ပါရာစီတမောကို ကိုယ်ဝန်ဆောင်ကာလအတွင်း အသုံးပြုရန် အမျိုးအစားအဖြစ် (A) အဆင့် ဆေးဝါးဟု သတ်မှတ်ပေးထားသည်။ ဆိုလိုသည်မှာ ပါရာစီတမောကို ကိုယ်ဝန်ဆောင် အမျိုးသမီးအများအပြား သောက်သုံးပြီးဖြစ်သော်လည်း ၎င်းတို့၏ ရင်သွေးများအပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အန္တရာယ်ရှိသည့် အကျိုးသက်ရောက်မှုများ တိုးလာစေကြောင်း ခိုင်လုံသော သက်သေပြနိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။
ဆေးဝါးအားလုံးကဲ့သို့ပင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် တရားဝင်အကြံပေးချက်မှာ ပါရာစီတမောကို မသောက်မီ ၎င်းတို့၏ ဆရာဝန်နှင့် တိုင်ပင်သင့်ပြီး လက်ရှိထွက်ပေါ်လာသော အကြံပြုချက်အသစ်မှာ အထိရောက်ဆုံး ဆေးပမာဏကို အတိုဆုံးအချိန်အတွင်း သောက်သုံးရန် ဖြစ်သည်။
သို့သော် ပါရာစီတမောဆေးဝါးမှာ စိတ်ချရမှု အပြည့်အဝရှိပြီး ဆရာဝန်၏ဆေးညွှန်းမလိုဘဲ ဝယ်ယူနိုင်သည့် ဆေးဖြစ်သောကြောင့် ကိုယ်အပူချိန် အနည်းငယ်မြင့်မားသည့် လက္ခဏာများကို ကုသရာတွင် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ချက်ချင်းဝယ်ယူ အသုံးပြုနိုင်ကြောင်း ဒေါက်တာ ဘရွန်းက ပြောကြားခဲ့သည်။
“အမျိုးသမီးတွေအနေနဲ့ ခေါင်းကိုက်တာ ဒါမှမဟုတ် ရိုးရှင်းတဲ့ အကိုက်အခဲပျောက်ဆေးတစ်ခုခု လိုအပ်တဲ့အခါ သူတို့ကိုယ်တိုင် ရွေးချယ်နိုင်တယ်ဆိုတဲ့ စိတ်ချရမှုရှိဖို့ လိုအပ်ပါတယ်။ ပါရာစီတမောက ဝယ်ယူရလွယ်ကူသလို သူတို့ရဲ့အိမ်တွေမှာလည်း မကြာခဏ ရှိနေတတ်ပါတယ်။ အကိုက်အခဲနဲ့ အဖျားကို ထိန်းချုပ်နိုင်တဲ့ ပါရာစီတမောရဲ့စွမ်းရည်ကို ကျွန်တော်တို့ တားဆီးထားလို့ မရပါဘူး” ဟု ဒေါက်တာ ဘရွန်းက ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ပါရာစီတမောသည် အကိုက်အခဲသက်သာစေရန် ဆေးဆိုင်မှ တိုက်ရိုက်ဝယ်ယူနိုင်သည့် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး အိုင်ဗျူပရိုဖန်ကဲ့သို့သော non-steroidal anti-inflammatory drugs (NSAIDs) များက သန္ဓေသားအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာ ဘရွန်းက အသိပေးထားသည်။
ကိုယ်ဝန်ဆောင်စဉ် အဖျားကြီးခြင်းကလည်း အန္တရာယ်ရှိနိုင်ပြီး လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းတို့နှင့် ဆက်စပ်မှုရှိကြောင်း သတိပြုရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
“အဖျားနဲ့ အကိုက်အခဲကို ထိန်းချုပ်ဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ အကိုက်အခဲပျောက်ဆေးကို မသောက်တာက အန္တရာယ်တစ်ခုတော့ ရှိပါတယ်” ဟု ဒေါက်တာ ဘရွန်းက ပြောကြားခဲ့သည်။
သို့သော် အကယ်၍ ဆေးပမာဏ အများအပြားကို အချိန်ကြာမြင့်စွာ သောက်သုံးရန် လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကူအညီရယူရန် အရေးကြီးကြောင်း ဒေါက်တာ ဘရွန်းက ဆက်လက် မှာကြားခဲ့သည်။
ဩစတြေးလျက ဘာဆက်လုပ်မလဲ?
အဆိုပါကြေညာချက် ထွက်ပေါ်လာပြီးနောက် ကျန်းမာရေးဝန်ကြီး မာ့ခ် ဘတ္တလာက “အမြန်ဆုံး အကြံဉာဏ်ပေးဖို့” တောင်းဆိုခဲ့ကြောင်းနှင့် သတင်းကြောင့် စိုးရိမ်နေသော ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ကြေညာချက်ကို ကြားသိလိုက်ရအပြီးတွင် အမျိုးသား ဆေးဘက်ဆိုင်ရာ ထိန်းညှိရေးအဖွဲ့ (Therapeutic Goods Administration – TGA) က ပါရာစီတမောသည် ဩစတြေးလျတွင် အမျိုးအစား (A) အဆင့်အဖြစ် သတ်မှတ်ချက် ရှိနေသေးကြောင်းနှင့် “ကိုယ်ဝန်ဆောင်စဉ် အသုံးပြုရန် စိတ်ချရသည်ဟု ယူဆကြောင်း” ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
မစ္စ ဂစ်ဘယ်လင်နီက ကျန်းမာရေးအာဏာပိုင်များအနေဖြင့် အမေရိကန်အစိုးရအဖွဲ့၏လုပ်ရပ်ကို ဆန့်ကျင်ပြောဆိုရန် တောင်းဆိုထားသည်။
“ကျွန်မတို့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအချို့နဲ့ ဩစတြေးလျအစိုးရဟာ လူ့အသိုင်းအဝိုင်းကို ထောက်ခံပြီး ဒီလိုပြောဆိုချက်တွေကို ပယ်ချဖို့အတွက် တကယ်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုတာမျိုး မြင်ချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဒါက အခြေအမြစ်မရှိဘူးဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ‘အော်တစ်ဇင်က ကာကွယ်ဆေးကြောင့် ဖြစ်တာ’ ဆိုတဲ့ အငြင်းပွားမှုလိုမျိုး ဒါကလည်း အချိန်အတော်ကြာအောင် ရှိနေဦးမှာဖြစ်ပြီး ကျွန်တော်တို့ ဒီကိစ္စကို ပြန်ပြီးပြင်ဆင်နိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
(ABC သတင်းဌာနက ရေးသားဖော်ပြထားသည့် Experts say it is safe to use paracetamol during pregnancy and Trump’s autism declaration is ‘baseless’ သတင်းဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆို တင်ပြပေးခြင်းဖြစ်ပါသည်)