ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အမှတ် (၁၂) စစ်အာဏာရှင်တပ် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်မှုထမ်းတပ်သားသစ်ခုနစ်ဦး ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထံသို့ ထွက်ပြေးခိုလှုံလာကြောင်း တပ်မဟာ (၄) ထံမှ သိရသည်။
အဆိုပါ စစ်မှုထမ်းတပ်သားသစ် ခုနစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်စဉ် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံကို ပြန်ပို့ခံရသူများဖြစ်ကြောင်း တပ်မဟာ (၄) က စက်တင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းသင်တန်းကျောင်းကို အဓမ္မပို့ဆောင်ကာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၇ တွင် တက်ရောက်နေသူများဖြစ်ကြောင်း K.N.D.O တပ်ရင်း(၇) ၊ တပ်ခွဲ(၅) တပ်ခွဲမှူး စောဗဟုက ပြောသည်။
၎င်းတို့ ခုနစ်ဦးသည့် စက်တင်ဘာလ ၁၇ရက်တွင် လက်နက်မဲ့ ထွက်ပြေးလာကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နိုင်ငံတဝန်းစစ်မျက်နှာဖွင့်ထားရပြီး စစ်သည်အင်အားပြုန်းတီးနေသည့် စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ အဓမ္မစစ်သားစုဆောင်းနေပြီး လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၇) အထိ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံအတွင်း လူငယ်များကို အဓမ္မစစ်မှုထမ်းစုဆောင်းနေသလို ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးပို့သည့် လူငယ်များ ကိုလည်း အဓမ္မ စစ်မှုထမ်းစုဆောင်းနေကြောင်း ပြန်လည် ထွက်ပြေးလွတ်မြောက်လာသူများက ပြောဆိုထားကြသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း ထိုင်းနိုင်ငံက ပြန်ပို့ခံရသူများအပါအဝင် လူငယ် ၂၇၀ခန့်ကို ပလောက်မြို့ အမှတ် (၁၂) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ရန် စစ်သင်္ဘောဖြင့် ခေါ်ဆောင်လာပြီး ကမ်းသို့ စက်လှေဖြင့် ပို့ဆောင်စဉ် လူငယ် ၂၈ဦးက စစ်အာဏာရှင်တပ်၏ အစောင့်တပ်သားနှစ်ဦးကို တိုက်ခိုက်ကာ သေနတ်လုယူ ထွက်ပြေးခဲ့ဖူးသည်။







