ရာဂါဆာ အမည်ရှိ တိုင်ဖွန်းမုန်တိုင်း၏အရှိန်ကြောင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် စက်တင်ဘာလကုန်အထိ မိုးဆက်ကြီးမည်ဖြစ်ကြောင်း မိုးလေဝသဌာနများက အသိပေးထားသည်။
ဖိလစ်ပိုင် ပင်လယ်ပြင်အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေကြောင်း ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်း တိုင်းတာတွေ့ရှိချက်ကို စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မုန်တိုင်းသည် စက်တင်ဘာလ ၂၄ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်ကာ ယင်းမှတစ်ဆင့် စက်တင်ဘာလ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။
မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးဆက်ရွာသွန်းနေမည်ဖြစ်ပြီး တနင်္သာရီ၊ ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ၊ ကရင် နှင့် မွန် ဒေသ တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ စက်တင်ဘာလ ၂၅ရက်အထိ မိုးဆက်ပိုနေမည်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မုန်တိုင်း အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကြောင့် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ခုနစ်ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံ တွင်လည်း တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများ၏ အရှိန်ကြောင့် ယခုသီတင်းပတ်အတွင်း တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းဖော်ပြချက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြသည်။
ယင်းအပြင် ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင် ယခုတစ်ပတ်အတွင်း မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ပြီး အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ဆိုသည်။







