BREAKING
October 19, 2025

ပါလက်စတိုင်းနိုင်ငံကို ကုလအထွေထွေညီလာခံတွင် ကမ္ဘာ့ခေါင်းဆောင်များ အသိအမှတ်ပြု ထောက်ခံ

September 23, 2025

ပုံစာ - စက်တင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - Reuters

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လာသည့် ဒါဇင်နှင့်ချီသည့် ကမ္ဘာ့ခေါင်းဆောင်များက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု ထောက်ခံခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ယင်းမှာ အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သူ အမေရိကန်အစိုးရတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသော်လည်း ဂါဇာစစ်ပွဲ နှစ်နှစ်ပြည့်ခါနီးအလိုတွင် ထွက်ပေါ်လာသည့် ကြီးမားသည့် သံတမန်ရေးအပြောင်းအလဲတစ်ခု ဖြစ်သည်။

အစ္စရေးသမိုင်းတွင် လက်ယာစွန်းအရောက်ဆုံးဖြစ်သည့် လက်ရှိ နေတန်ညာဟုအစိုးရက ပါလက်စတိုင်းနိုင်ငံဟူ၍ ရှိလာမည် မဟုတ်ဟု ကြေညာထားသည်။

လူပေါင်း ၁၂၀၀ ခန့် သေဆုံးစေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ အစ္စရေးသည် ဂါဇာတွင် ဟားမတ်စ်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဂါဇာတွင် ၎င်းတို့၏ စစ်ရေးလုပ်ဆောင်မှုများကြောင့် အစ္စရေးအစိုးရအပေါ် ကမ္ဘာ့နိုင်ငံများမှ ဆန့်ကျင်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၆၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

ဂါဇာမြို့ကို မြေပြင်ထိုးစစ်ဆင်မည်ဟု အစ္စရေးက ၎င်းတို့ ကြာမြင့်စွာကတည်းက ခြိမ်းခြောက်ထားသည့် စစ်ဆင်ရေးကို မကြာသေးခင်က စတင်လိုက်သည်။

ယင်းကြောင့် ဂါဇာအပစ်ရပ်ရေးအလားအလာ လက်ရှိအချိန်အထိ မမြင်ရသေးပေ။

“ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လမ်းခင်းပေးရပါမယ်” ဟု ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့၌ ကုလသမဂ္ဂအစည်းအဝေးစတင်ချိန်တွင် ပြောဆိုခဲ့သည်။

“အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းမှုရှိရှိ ၊လုံခြုံမှုရှိရှိနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မယ့် နှစ်နိုင်ငံ ရပ်တည်ရေးအဖြေ (Two-state solution) ဖြစ်နိုင်ခြေကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ တတ်နိုင်တာ ဘာမဆို လုပ်ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့ရာ အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံတကာကိုယ်စားလှယ်များက ကြာမြင့်စွာ လက်ခုပ်ဩဘာပေးခဲ့သည်။

သို့သော် အဆိုပါ လုပ်ရပ်များက ပဋိပက္ခကို ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်မည့် အလားအလာကို ထိခိုက်စေလိမ့်မည်ဟု အစ္စရေးက ဆိုသည်။

မကြာသေးခင်က ထွက်ပေါ်လာသည့် ပါလက်စတိုင်းနိုင်ငံကို ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုများသည် အင်မတန် အရေးပါကြောင်း စပိန်ဝန်ကြီးချုပ် Pedro Sanchez က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက ယူကေနဲ့ ပြင်သစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလာပြီ။ ပြီးတော့ အနောက်နိုင်ငံတွေလည်း ပါလာပြီ။ ဒီကနေ့ခေတ်မှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလာကြတဲ့ နိုင်ငံတွေ အတော်များများ ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။

Pedro Sanchez ၏ လက်ဝဲယိမ်းအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခဲ့သည်။

ယခုအပတ် ကျင်းပပြုလုပ်နေသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေးမတိုင်မီ လူဇင်းဘတ် ၊ မော်လ်တာ ၊ ဘယ်လ်ဂျီယမ်နှင့် မိုနာကိုနိုင်ငံတို့ကလည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခဲ့ကြသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် လေးပုံသုံးပုံက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။

Source: Reuters