မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ
ကိုးကန့်၊ တအာင်း၊ SSPP ကို လက်နက်၊ ငွေကြေး မပံ့ပိုးတော့ဘူးလို့ ‘ဝ’ ပြော

ကိုးကန့်တပ်၊ တအာင်းတပ်၊ ရှမ်းတပ် SSPP/SSA တို့ကို လက်နက်ခဲယမ်း၊ ငွေကြေးအပါအဝင် စစ်ရေးအရ မထောက်ပံ့တော့ဘူးလို့ ‘ဝ’ တပ်ဖွဲ့ UWSA က ပြောဆိုလိုက်ပါတယ်။
‘ဝ’ ပြည် အစိုးရအဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြင်ပဆက်ဆံရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့က ကိုးကန့်တပ်၊ တအာင်းတပ်၊ SSPP ထိပ်ပိုင်းပုဂ္ဂိုလ်တချို့ကို ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ကို ဩဂုတ်လ ၂၀ရက်မှာ ခေါ်ယူပြီး အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
အလွန်အရေးကြီးတဲ့အစည်းအဝေးလို့ သုံးနှုန်းခဲ့သလို ‘ဝ’ အဖွဲ့ဟာ အလွန်ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း ဦးကျောက်ကော်အန်းက ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အခုလို ဆုံးဖြတ်ရတာလို့ အသိပေးခဲ့တာပါ။ လက်နက်ခဲယမ်း၊ ငွေကြေး အပါအဝင် တခြား တောင်းဆိုတာတွေ လုပ်ပြီး ‘ဝ’ တပ်ဖွဲ့ကို နှောင့်ယှက်တာကနေ ရှောင်ကြည်ဖို့ ပြောဆိုခဲ့ ပါတယ်။ အခုဆုံးဖြတ်ချက်ကို ကိုးကန့်၊ တအာင်း၊ SSPP တို့က နားလည်းသဘောပေါက်တယ်လို့ ‘ဝ’ တပ်ဖွဲ့ ဘက်က ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ရဲ့ ရှမ်းဝန်းကြီးချုပ် ပန်ဆန်းကို ဩဂုတ်လဆန်းမှာ လာရောက်ခဲ့ပြီး နောက်မှာ အခုလို ခေါ်ယူ အသိပေးတာတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ အခုလို အကူအညီတွေ ဖြတ်တောက်တာဟာ ‘ဝ’ တပ်ဖွဲ့အပေါ် တရုတ်ရဲ့ ဖိအားပေးမှု ပြင်းပြင်းထန်ထန်ကျရောက်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
……………………………………..
မော်ချီးဒေသနဲ့ ကျောက်မဲမှာ လေယာဉ်နဲ့ဗုံးကြဲလို့ လူ ၄၀ ကျော်သေဆုံး

ကရင်နီပြည်နယ် မော်ချီးဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွေကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
ဖားဆောင်းမြို့နယ်ထဲမှာ ကရင်နီတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်ချီးဒေသကို ဩဂုတ်လ ၁၇ ရက် ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကလေးတွေ အပါအဝင် အရပ်သားပြည်သူ ၃၂ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသလို ပျောက်ဆုံး နေသူတွေလည်း ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ထားပါတယ်။ အခု ၂၀၂၅ ခုနှစ်အတွင်း မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်တာ အကြိမ်ရေ ၁၀ကျော် ရှိနေပြီလို့လည်း ဆိုပါတယ်။ ဩဂုတ်လ ၁၉ရက်နဲ့ ၂၀ရက်မှာလည်း တိုက်ပွဲဖြစ်တာမရှိဘဲ မော်ချီးဒေသကို ထပ်မံဗုံးကြဲလို့ လူထိခိုက်သေဆုံးတာတွေ ရှိပါတယ်။
ကျောက်မဲမြို့နယ်ထဲက ရှမ်းတပ် SSPP ထိန်းချုပ်ရာ ဒေသမှာရှိတဲ့ နောင်ပိန်ရွာကို ဩဂုတ်လ ၂၀ ရက်မှာ ဗုံးကြဲတိုက်ခိုက် တာကြောင့် စစ်ဘေးရှောင် ၁၀ ကျော်သေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရတယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။ ကျောက်မဲမြို့နယ်ကို စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်နေတာကြောင့် တအာင်းတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ယခုသီတင်းပတ်အတွင်း စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းမြောက်၊ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း လေကြောင်း တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။
……………………………………..
ပဋိပက္ခကြောင့် လူသေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံစာရင်းမှာ မြန်မာအဆင့် ၄ချိတ်

ပဋိပက္ခတွေကြောင့် လူသေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၄ မှာ ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့ ACLED ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၁၂လတာကာလအတွင်း မြန်မာနိုင်ငံမှာ လူတစ်သောင်းခွဲကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ပဋိပက္ခကြောင့် လူသေဆုံးမှု အများဆုံး ကမ္ဘာနိုင်ငံစာရင်းမှာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းက ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာ ပါလက်စတိုင်းနဲ့ ဆူတန်တို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ပဋိပက္ခအမြင့်ဆုံးရောက်လာတယ်လို့ ACLED အဖွဲ့က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေပြီး စစ်အာဏာရှင်တပ်က သူတို့ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးအရ ဖိအားပေးတာတွေ လုပ်ဆောင်နေသလို ဆုံးရှုံးနယ်မြေတွေကိုလည်း တန်ပြန်ထိုးစစ်တွေ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ရှိနေပါတယ်။
……………………………………..
စစ်ကော်မရှင် ထိန်းချုပ်မြို့နယ်တွေမှာ ရွေးကောက်ပွဲ စလုပ်မယ်

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမယ်လို့ ကြေညာထားပြီး လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ အပိုင်း (၁) အဖြစ် ထိန်းချုပ်ထားတဲ့ ခရိုင်မြို့တွေနဲ့ မြို့နယ် ၁၀၀ ကျော်မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
အပိုင်း (၁) အနေနဲ့ ကျင်းပမယ့် မြို့နယ် ၁၀၂ခုထဲမှာ ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်းက ၁၂မြို့နယ်စီ၊ မကွေးက ကိုးမြို့နယ်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးက ရှစ်မြို့နယ်စီ၊ ကချင်က ခြောက်မြို့နယ်၊ မွန်က ငါးမြို့နယ်၊ တနင်္သာရီက လေးမြို့နယ်၊ ကရင်နဲ့ ရခိုင်က သုံးမြို့နယ်စီ၊ ကရင်နီနဲ့ ချင်းက နှစ်မြို့နယ်စီ မှာ ကျင်းပမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ကျန်တဲ့ အပိုင်းတွေမှာ ဘယ်မြို့နယ်တွေ ပါမယ်၊ ဘယ်တော့ ကျင်းပမယ်ဆိုတာတွေ ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ကျင်းပမယ်လို့ ပြောဆိုထား ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စားလှယ်လောင်းတွေ စက်တင်ဘာလ ၈ရက်ကစလို့ အမည်စာရင်း တင်သွင်းဖို့ ကြေညာထားသလို ပြည်ပရောက် မဲဆန္ဒရှင်တွေ မဲပေးဖို့ လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။ စစ်ကော်မရှင်ခန့် ဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်နိုင်ပြီလို့လည်း ကြေညာထားပါတယ်။
အပိုင်း (၁) ကျင်းပဖို့ စီစဉ်ရာမှာ မကြာသေးခင်က သိမ်းယူထားတဲ့ ရှမ်းမြောက်က နောင်ချိုနဲ့ ကိုးကန့်တပ် ပြန်ပေးခဲ့တဲ့ လားရှိုးကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ စစ်ကော်မရှင်က ထိန်းချုပ်မြို့တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်း နေသလို လက်လွှတ်ဆုံးရှုံး ထားရတဲ့ မြို့နယ်တွေကို တန်ပြန်ထိုးစစ်တွေ အရှိန်မြှင့်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေရဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရဖို့အတွက် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေက ပြည်သူနဲ့အတူ စုစုစည်းစည်းနဲ့ ဆန့်ကျင်ကျော်လွှားကြဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။
……………………………………..
ဒီးမော့ဆိုမြို့ကို စစ်အာဏာရှင်တပ် ပြန်လည်ထိန်းချုပ်

ကရင်နီတော်လှန်ရေးအင်အားစုတွေ ၂ နှစ်နီးပါးသိမ်းယူထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းယူထိန်းချုပ်လိုက်ပါတယ်။
ဩဂုတ်လ ၄ရက်မှာ ဒီးမော့ဆိုမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ရက်ကျော်အကြာ ဩဂုတ်လ ၁၅ရက်မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာကိုလို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ကရင်နီအင်အားစုတွေဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ဒီးမော့ဆိုမြို့ကို သိမ်းယူနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်တပ်ရဲ့ တပ်ရင်းနှစ်ခုကိုတော့ မသိမ်းယူနိုင်ခဲ့ပါဘူး။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ နှစ်လယ်ပိုင်းမှာ ရှမ်းတောင်က ဆီဆိုင်ကို ပြန်လည်သိမ်းယူခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် လဆန်းမှာတာ့ ရှမ်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရှမ်းတောင်နဲ့ ကရင်နီကို စစ်အာဏာရှင်တပ်က ‘ရန်နိုင်မင်း’ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်မှတော့ စစ်အာဏာရှင်တပ်ဟာ ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖရူဆိုမြို့ဘက်ကို ထိုးစစ်ဆင်နေပါတယ်။
……………………………………..