BREAKING
October 18, 2025

တနင်္သာရီ၊ မြို့နယ်လေးခုက ကြောက်ရွံ့မဲပေးပွဲ

August 23, 2025

တစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စိုင်းပြင်းလုပ်ဆောင်နေပြီး မြန်မာနိုင်ငံသမိုင်းတွင် ကျင်းပဖူးခြင်းမရှိသည့် ပုံစံဖြင့် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲကို တစ်ရက်ထဲ ကျင်းပမည်မဟုတ်ဘဲ အပိုင်းလိုက်ခွဲ၍ ကာလရှည်ကျင်းပသွားမည်ဟုဆိုသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရေးကို ဦးတည်ထားခြင်းမရှိဘဲ မရရသည့်နည်းဖြင့် ရွေးကောက်ပွဲကျင်းပပြီး ရလဒ်တစ်ခု ထုတ်ပြန်နိုင်ရန်သာ ရည်ရွယ်သော သဘောဖြစ်သည်။

စစ်ကော်မရှင်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲအပိုင်း ၁ ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့ကြေညာလိုက်သည်။ ကျန်သည့်အစီအစဉ်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်လက်ထုတ်ပြန်သွားမည်ဟုသာဆိုသည်။

ရွေးကောက်ပွဲအပိုင်း ၁ တွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၄ ခုပါဝင်နေသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုရှိသည့်အနက် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကျင်းပမည်ဟု ဖော်ပြထားသည်။

ထားဝယ်ခရိုင်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နှစ်ခု၊ မြိတ်ခရိုင်တွင် မဲဆန္ဒနယ် နှစ်ခု၊ ကော့သောင်းနှင့်ဘုတ်ပြင်း ခရိုင်တွင် မဲဆန္ဒနယ်နှစ်ခု စုစုပေါင်း မဲဆန္ဒနယ် ၆ ခု ရှိပြီး မဲအများဆုံးရသူ အနိုင်ရစနစ်ဖြင့် ၆ ဦး၊ တိုင်းကိုယ်စားပြု အချိုးကျစနစ်ဖြင့် ၆ ဦး၊ စုစုပေါင်း ၁၂ ဦး ရွေးချယ်မည်ဖြစ်သည်။

တိုင်းလွှတ်တော်တွင်မူ မြို့နယ်ဆယ်ခုမှ မဲဆန္ဒနယ် ဆယ်ခုအတွက် မဲအများဆုံးရသူစနစ်ဖြင့် ဆယ်ဦး နှင့် အချိုးကျစနစ်ဖြင့် ဆယ်ဦး စုစုပေါင်း နှစ်ဆယ်ဦးရွေးချယ်မည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော်အတွက် တိုင်းအတွင်းရှိ မြို့နယ်ဆယ်ခုမှ မဲဆန္ဒနယ် တစ်ခုစီအတွက် မဲအများဆုံးရသူစနစ်ဖြင့် ဆယ်ဦးရွေးချယ်မည်ဟုဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ်ကိုလည်း စစ်ကောင်စီက ခရိုင်အဆင့်အဖြစ် သတ်မှတ်ခဲ့သဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော မြို့နယ် ၄ ခုမှာ ခရိုင်မြို့ကြီးများသာဖြစ်နေသည်။

ယင်းခရိုင်မြို့ကြီးများတွင် တော်လှန်ရေးတပ်များ စစ်ရေးလှုပ်ရှားနေသည့်ဒေသ အများအပြားရှိနေသည်။

တစ်ဖက်တွင်လည်း KNU အပါအဝင် တော်လှန်ရေးတပ်များကလည်း စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်း အသီးသီးထုတ်ပြန်ထားကြသည်။

ယင်းမြို့နယ် ၄ ခုအတွင်း စစ်အာဏာရှင်တပ်၏ နယ်မြေထိန်းချုပ်မှုအခြေအနေ၊ စစ်ရေးအခြေအနေက ရွေးကောက်ပွဲပြုလုပ်နိုင်သည်အထိ ရှိနိုင်လားဆိုသည်မှာ ယတိပြတ်ပြောနိုင်သည့် အခြေအနေတွင် မရှိပေ။

ယင်းသို့ပင် အခြားတစ်ဖက်တွင်လည်း လူငယ်လူရွယ်အများအပြား ဒေသစွန့်ခွာသွားမှုများရှိသလို လုံခြုံမှုကင်းမဲ့သည့် အခြေအနေကြောင့် မဲပေးမည့် ပြည်သူများမှာ စိုးရိမ်မှုကင်းကင်း၊ လွတ်လပ်မှု ရှိရှိဆန္ဒမဲပေးနိုင်မည့် အခြေအနေလည်း ကင်းမဲ့နေသည်။

ထားဝယ်မြို့နယ်

စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ ထားဝယ်မြို့ပေါ်တွင် ရပ်ကွက် ၁၅ ခု နှင့် ကျေးရွာပေါင်း ၁၀၆ ရွာရှိသည်။

မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ ကိုးသောင်းကျော် (၉၀၅၈၇ ဦး) ရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ် နယ်နိမိတ်အတွင်း တိုင်းစစ်ကော်မရှင်ရုံးစိုက်ရာ ထားဝယ်မြို့ ပါဝင်ပြီး အရှေ့ဘက်တွင် ထားဝယ်အရှေ့တောဒေသနှင့် ထိုင်းနယ်စပ်ဖြစ်သည့် ထီးခီးဒေသ၊ အနောက်ဘက်တွင် လောင်းလုံးမြို့နယ်၊ မြောက်ဘက်တွင် ရေဖြူမြို့နယ်နှင့် တောင်ဘက်တွင် သရက်ချောင်းမြို့နယ်တို့ရှိသည်။

ထားဝယ်မြို့နှင့်ကပ်နေသည့် သပြေချောင်းကျေးရွာတွင် စစ်အာဏာရှင်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈) တည်ရှိပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းများနှင့် လက်ရုံးတပ်များ အခြေစိုက်ထားသည်။

သို့ရာတွင် ထီးခီးနယ်စပ်စခန်းအပါအဝင် ထိုင်းနယ်စပ်တစ်လျှောက် ထားဝယ်မြို့နယ်အတွင်းရှိ စစ်အာဏာရှင် တပ်စခန်းအားလုံးကို ပြီးခဲ့သည့်လပိုင်းအတွင်း KNU၊ PDF နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူထားသည်။

ထို့အပြင် ထားဝယ်အရှေ့တောဒေသကိုလည်း စစ်အာဏာရှင်တပ်က ထိန်းချုပ်နိုင်ခြင်းမရှိဘဲ မကြာခဏ တိုက်ခိုက်ခံနေရသည်။

အင်အားသုံး စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များကြား လက်ရှိအချိန်ထိ တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ထားဝယ်မြို့နယ်အတွင်း ထားဝယ်မြို့တစ်ခုတည်းသာ စစ်အာဏာရှင်တပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ကော်မတီဝင် ကိုသော်လွင်အောင်ကလည်း သုံးသပ်ပြသည်။

“ထားဝယ်က(မြို့ပေါ်) မဲပေးနိုင်တဲ့အရွယ် လူငယ်တွေတောင် စစ်မှုထမ်းကြောင့် ထွက်ပြေးနေရတာ။ အဲလို ပြေးနေလွှားနေရတဲ့ အနေအထားမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး။ မဲလာပေးမယ့် လူတွေကလည်း လုံလုံခြုံခြုံနဲ့ မဲလာပေးနိုင်တဲ့ အနေအထားလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။

DDMSC အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

ထို့အပြင် ထားဝယ်မြို့ပေါ်ရပ်ကွက် ၁၅ ခုက လွဲပြီး ကျန်သည့်ကျေးရွာအားလုံးနီးပါးတွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်နေပြီး စစ်အာဏာရှင်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိပေ။

မြိတ်မြို့နယ်

မြိတ်မြို့နယ်အတွင်း ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာပေါင်း ၁၅၇ ရွာရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ သိရသည်။

အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူ နှစ်သိန်းကျော် (၂၀၂၅၇၂ ဦး)ရှိပြီး ကျေးလက်တွင်နေထိုင်သူပိုများသည်။

မြိတ်မြို့ပေါ်တွင် စစ်အာဏာရှင်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ မြိတ်လေတပ်စခန်းဌာနချုပ်အပြင် ခြေလျင်တပ်ရင်းများနှင့် လက်ရုံးတပ်ရင်းများစွာ အခြေစိုက်ထားသည်။

စစ်အာဏာရှင်တပ်က မြိတ်မြို့ပေါ် ဧရိယာကို အပြည့်အဝထိန်းချုပ်ထားပြီး ကျေးလက်ဒေသ အားလုံးနီးပါးတွင်လည်း စစ်အာဏာရှင်တပ်၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေကြောင်း မြိတ်ဒေသခံတစ်ဦးက ပြောသည်။

“ရွာတိုင်းလိုလိုမှာ အုပ်ချုပ်ရေးမှူးတွေရှိတယ်။ ရွေးကောက်ပွဲအတွက် သင်တန်းတွေလည်း ပေးထားပြီးပြီ။ မြိတ်(မြို့နယ်)မှာတော့ ရွေးကောက်ပွဲ သေသေချာချာလုပ်နိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လပိုင်းကမူ တုံးဗျောကြီး၊ တုံးဗျောငယ် စသည့် ကျေးရွာများတွင် တိုက်ပွဲများရှိခဲ့သော်လည်း လတ်တလောတွင် ငြိမ်သက်နေသည်။

မြိတ်မြို့နယ်အတွင်းရှိ ဒေသအားလုံးနီးပါးတွင် စစ်အာဏာရှင်တပ်၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့်အပြင် ရပ်ကွက်ကျေးရွာအများစုတွေ စစ်မှုထမ်းကြေးအဖြစ် လစဥ် သုံးသောင်းကျပ် အိမ်တိုင်း ထည့်ဝင်ကြရကြောင်း မြိတ်မြို့ခံနောက်တစ်ဦးက ပြောသည်။

“အုပ်ချုပ်ရေးယန္တရား လည်ပတ်တာထက်ပိုဆိုးတယ်။ တစ်ရွာကို တစ်အိမ် တစ်လ သုံးသောင်းပေးရတာလေ” ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်အတွင်း ကျေးလက်ဒေသများအထိပါ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားနိုင်သည့်အခြေအနေရှိသဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အလမ်းပိုများနေသည်။

သို့သော် လွတ်လပ်မျှတသည့် အခြေအနေမှာမူ ကင်းမဲ့နေပြီး ပြည်သူလူထုမှာ စစ်ကော်မရှင်အဖွဲ့၏ အုပ်ချုပ်ရေး ယန္တရာတစ်ခုလုံး၏ ဖိနှိပ်မှုဒဏ်ကို ကြုံတွေ့နေကြရသည်။

ကော့သောင်းမြို့နယ်

မြန်မာနိုင်ငံတောင်ဘက်စွန်ဆုံးဒေသဖြစ်သည့် ကော့သောင်းမြို့နယ်တွင် ကော့သောင်းမြို့၊ ခမောက်ကြီးမြို့တို့ပါဝင်ပြီး ၁၈ နှစ်အထက်အမျိုးသားအမျိုးသမီး ကိုးသောင်းကျော် (၉၃၀၉၅ ဦး) ရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ထွေအုပ်ဌာန၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ သိရသည်။

မြို့ပေါ်ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာပေါင်း ၁၀၈ ရွာ ပါဝင်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် ပါချန်မြစ် ခြားထားသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ခမောက်ကြီးမြို့တွင် စစ်အာဏာရှင်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀) အခြေစိုက်ထားပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ ခြေလျင်တပ်ရင်းများရှိသည်။

လက်ရှိတွင် ကော့သောင်းမြို့၊ ခမောက်ကြီးမြို့နှင့် ကျေးလက်ဒေသ၏ ငါးဆယ်ရာခိုင်နှုန်းခန့်တွင် စစ်အာဏာရှင်တပ်၏ အုပ်ချုပ်ရေးယန္တရားရှိနေသေးကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။

“(စစ်ကော်မရှင်) ကျေးရွာအုပ်ချုပ်ရေးဆိုတာကလည်း မလွှဲသာမရှောင်သာလို့ မလုပ်ချင်ဘဲ လုပ်နေကြတဲ့ အနေအထားများတယ်။ စိတ်ပါလက်ပါနဲ့ လုပ်နေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားရှိသည့် ကျေးရွာများအပါအဝင် ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသကို တော်လှန်ရေးအင်အားစုများက ရာနှုန်းပြည့်မထိန်းချုပ်နိုင်သေးသော်လည်း တော်လှန်ရေးတပ်များ လှုပ်ရှားသွားလာမှု၊ စစ်ရေးဖော်ဆောင်မှုများရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သိရသည်။

“(စစ်အာဏာရှင်တပ်က) အရင်လိုမျိုးတော့ ဖိဖိစီးစီးနဲ့ စိုးမိုးနိုင်တဲ့အနေအထားမျိုးမရှိဘူး။ ရံဖန်ရံခါ စစ်ကြောင်းလာတယ်။ စစ်ကြောင်းလာလည်း ရွာထဲမှာ ခိုကပ်နေရုံပဲ သိပ်ပြီးတော့ မလှုပ်ရှားရဲဘူး” ဟု ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။

စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနှင့် လုံးဝ ပြုလုပ်ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည့်အကြောင်း ကော့သောင်းမြို့နယ် ပကဖက ဇူလိုင်လကတည်းက ထုတ်ပြန်သတိပေးထားသည်။

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် မဲဆွယ်စည်းရုံးခြင်း၊ မဲပေးရမည့်လူစာရင်းထုတ်ပြန်ခြင်း၊ အစမ်းမဲပေးခြင်း စသည်တို့ကို အချိန်ယူကာ အဆင့်ဆင့်ပြုလုပ်ရမည်ဖြစ်သော်လည်း စစ်အာဏာရှင်တပ်က အဆိုပါ လုပ်ငန်းစဥ်များကို ကော့သောင်းမြို့နယ်အတွင်း လုပ်ဆောင်နိုင်ခြေမရှိကြောင်း ကိုကျားကြီးက ပြောသည်။

“ကျေးလက်တွေအထိ သူတို့ဆင်းပြီး လုပ်နိုင်ဖို့ မသေချာဘူး။ သူတို့ လုပ်မယ်ဆိုလို့ရှိရင် မြို့ထဲလောက်ပဲ ရည်ရွယ်ချက်ရှိပါလိမ့်မယ်။ မြို့ပေါ် တစ်ရပ်ကွက်ရရင် တစ်ရပ်ကွက်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ကောင်း လုပ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ယင်းကြောင့်ကော့သောင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ခက်ခဲသော်လည်း ဒေသအနည်းငယ်တွင် ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်ဖြစ်သည်။ ယင်းဒေသမှ ပြည်သူလူထုမှာ မဖြစ်မနေမဲထည့်ရန် စစ်ကော်မရှင်က ဖိအားပေးလာမည်ဖြစ်၍ မဲမပေးချင်သော်လည်း ကြောက်ရွံ့မှုကြောင့် မဲသွားထည့်ရဖွယ်ရှိနေသည်။

ဘုတ်ပြင်းမြို့နယ်

ဘုတ်ပြင်းမြို့နယ်အတွင်း ဘုတ်ပြင်းမြို့၊ ကရသူရိမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ကျေးရွာပေါင်း တစ်ရာကျော် ပါဝင်သည်။

ဘုတ်ပြင်းမြို့ပေါ်တွင် ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၁၃၁ ရွာရှိကာ အသက် ၁၈ နှစ်အထက်အရွယ်ရောက်ပြီးသူ ငါးသောင်းနီးပါး(၄၈၅၂၈ ဦး)ရှိကြောင်း ထွေအုပ်ဌာန၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ သိရသည်။

ကရသူရိမြို့တွင် ရပ်ကွက် ၃ ခုရှိပြီး အသက် ၁၈ နှစ်အထက်အရွယ်ရောက်ပြီးသူ ၁၁၃၂ ဦးရှိသည်ဟု ဖော်ပြထားသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရက်ကွက် ၃ခုရှိကာ အသက် ၁၈ နှစ်အထက်အရွယ်ရောက်ပြီးသူ ၂၆၂၄ ဦးရှိသည်။

ဘုတ်ပြင်းမြို့ပေါ်တွင် စစ်အာဏာရှင်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) တည်ရှိပြီး မြို့နယ်အတွင်း ခြေလျင်တပ်ရင်းများလည်း အခြေစိုက်ထားသည်။

ထို့အပြင် ဘုတ်ပြင်းမြို့နယ်၏ အနောက်ဘက် ပင်လယ်ပြင်တစ်လျှောက်တွင်လည်း ရေတပ်စစ်သင်္ဘောများ အမြဲတမ်းရှိနေသည့်အတွက် တိုက်ပွဲဖြစ်လာချိန် ကြည်း၊ ရေ၊ လေ အလွယ်တကူ အသုံးပြုနိုင်သည့် အခြေအနေဖြစ်သည်။

သို့သော်လည်း ဘုတ်ပြင်းမြို့နှင့် ခုနစ်မိုင်ခန့်အကွာဝန်းကျင်အထိ တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးလှုပ်ရှားနိုင်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံအဖွဲ့ဝင် ကိုလူစစ်နိုင်က ပြောသည်။

“(ဘုတ်ပြင်း)မြို့တွင်းကိုတော့ တော်လှန်ရေးအဖွဲ့တွေ လက်လှမ်းမမီသေးဘူးလို့ပဲ ပွင့်ပွင့်လင်းလင်းပြောရမယ်။ နောက်ပြီး ရေတပ်ရှိတဲ့အတွက် ပင်လယ်ဘက်ကို ကျွန်တော်တို့ သိပ်မလှုပ်ရှားနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် စစ်အာဏာရှင်တပ်အနေဖြင့် ဘုတ်ပြင်းမြို့အတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားအနေဖြင့်လည်း ဘုတ်ပြင်းမြို့ပေါ်တွင်သာ အပြည့်အဝလည်ပတ်နိုင်ပြီး ကရသူရိမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့ ပတ်ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖထံမှ သိရသည်။

“ကျွန်တော်တို့လည်း အပြတ်အသတ် မစိုးမိုးနိုင်ဘူး။ သူတို့လည်း အပြတ်အသတ် မစိုးမိုးနိုင်ဘူးပေါ့။ ကြားအခြေအနေမှာတော့ရှိတယ်။ ကျွန်တော်တို့ကတော့ သူတို့ (ရွေးကောက်ပွဲ)မလုပ်နိုင်အောင် တားမှာပဲ” ဟု ကိုလူစစ်နိုင်က ပြောသည်။

ပြီးခဲ့သည့် တစ်လဝန်းကျင်ကတည်းက ကော့သောင်းဘက်မှ ဘုတ်ပြင်းဘက်ကို စစ်အာဏာရှင်တပ်က အင်အား နှစ်ရာခန့်ဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများ မကြာခဏရှိနေကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်အနေဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် နယ်မြေရှင်းလင်းလိုသည့်အတွက် ယင်းကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူအချို့က ခန့်မှန်းသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းမှာ ခမောက်ကြီးမြို့နှင့် ကရသူရိမြို့ကြားတွင် ရှိနေသေးကြောင်း ဘုတ်ပြင်း ပကဖထံမှ သိရသည်။

ယင်းကြောင့် ဘုတ်ပြင်းတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိနေပြီး ယင်းအခြေအနေကို ရယူနိုင်ရန်အတွက် အာဏာသိမ်းပြီးစကတည်းက စစ်အာဏာရှင်အဖွဲ့က ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဘုတ်ပြင်းကို ခရိုင်အဆင့်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

ကြောက်ရွံ့မဲ

စစ်ကော်မရှင်လုပ်မည့် အပိုင်း ၁ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၄ ခုအနက် မြိတ်မြို့နယ်တစ်ခုတည်းသာ မြို့နယ်လုံးကျွတ်နီးပါး ကျင်းပနိုင်မည့်အခြေအနေရှိနေသည်။

ကျန်သည့်မြို့နယ် ၃ ခုတွင်မူ မြို့ပေါ်ရပ်ကွက်အားလုံး ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဖြစ်ပြီး ကျေးလက်ဒေသအများစုတွင် ကျင်းပနိုင်မည့်အခွင့်အလမ်း နည်းပါးသည်ကိုတွေ့ရသည်။

ထိုအခြေအနေတွင် တိုင်းအတွင်းရှိ တော်လှန်ရေးတပ် ဒါဇင်ပေါင်းများစွာကလည်း စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်းထုတ်ပြန်ပြောဆိုထားကြသလို ပါဝင်သူ၊ ကူညီသူနှင့် လုပ်ဆောင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြသည်။

ယင်းသို့ပင် စစ်ကော်မရှင်ကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေများထုတ်ကာ ရွေးကောက်ပွဲကို ထိခိုက်စေပါက ဖမ်းဆီးအရေးယူရန် ပြင်ဆင်ထားသည်။ အဆိုပါဥပဒေများမှာ တော်လှန်ရေးအဖွဲ့များအပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် သဘောဖြစ်သည်။

တနင်္သာရီတိုင်းမှ ဒေသခံအများစုမှာ ရွေးကောက်ပွဲတွင် မဲမပေးလိုကြသော်လည်း ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်နေပြီး ဖိအားပေးလာပါက မဲပေးကြရဖွယ်ရှိဟုဆိုသည်။ အခြားတစ်ဖက်တွင်လည်း စစ်အာဏာရှင်တပ်က ထိရောက်သည့် လုံခြုံရေးမပေးနိုင်သဖြင့် အန္တရာယ်ကျရောက်မည်ကိုလည်း စိုးရိမ်နေကြသည်။

ယင်းကြောင့် ပြည်သူလူထုမှာ စိုးရိမ်ကြောက်ရွံ့မှုများရှိနေပြီး ဆန္ဒမဲမဟုတ်ဘဲ ကြောက်ရွံ့မဲများ ထည့်ကြရမည့် အခြေအနေဖြစ်နေသည်။

စစ်ခေါင်းဆောင်ကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲ ရလဒ်တစ်ခု ထုတ်ပြန်ရန်သာ ရည်ရွယ်ထားသည်ဖြစ်ရာ ပြည်သူလူထု၏ ကြောက်ရွံ့မဲများဖြင့်ပင် ရွေးကောက်ပွဲ ကျင်းပသွားဖွယ်ရှိနေသည်။