ရေဖြူမြို့နယ် ၊ ကံပေါက်ရွာတွင် သြဂုတ်လ ၂၀ ရက်က အသက် ၂ဝ ဝန်းကျင် အရွယ် လူငယ်ခြောက်ဦးကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရသည်။
ကလိန်အောင် – ကံပေါက်လမ်းပိုင်း မှ တောင်ရင်းအင်းရွာဘက်သို့ ဝင်သည့် ပိတောက်ပင်လမ်းဆုံတွင် ထိုင်နေသည့် အမျိုးသား နှစ်ဦးကို ကင်းလှည့်လာသည့် မောရဝတီရေတပ်က စစ်ဆေးစဥ် မူးယစ်ဆေးဝါးများ ဖမ်းမိသည်ဟုပြောကြောင်း ဖြစ်စဉ်ကိုသိရှိသော ဒေသခံအချို့ကဆိုသည်။
ယင်းနောက် သြဂုတ်လ ၂၀ ရက်ညတွင် ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်နှင့် ဗိုလ်ချုပ်ရပ်ကွက်တို့ရှိ နေအိမ်သုံးလုံး ဝင်ရောက်စစ်ဆေးခံရပြီး အမျိုးသားလေးဦး ထပ်မံအဖမ်းခံရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများထံမှသိရသည်။
“တောင်ရင်းအင်းလမ်းဆုံက ကွင်းဆက်နှစ်ယောက်နဲ့ နောက်ထပ်လေးယောက်ထပ်ဖမ်းတာ။ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ဖမ်းတာပါ “ ဟု အဖမ်းခံရသူတစ်ဦး ၏ အိမ်နီးနားချင် တစ်ဦးကပြောပြသည်။
မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည့် အဆိုပါအမျိုးသားခြောက်ဦးစလုံးသည် ယနေ့ သြဂုတ်လ ၂၃ ရက် နေ့လယ်ပိုင်း အထိပြန်လွတ်လာခြင်းမရှိသေးပေ။
ကံပေါက်ဒေသတွင် ၂၀၂၄ ခုနှစ် ဇွန်လတွင် ခဲသတ္တုလုပ်ကွက်အသစ်များ ရောက်ရှိလာခြင်းနှင့်အတူ ရွှေ့ပြောင်းခဲသတ္တုလုပ်သားများ လုပ်ငန်းဒဏ်ခံနိုင်ရည်ရှိရန်နှင့် အပျော်အပါးအတွက် မူးယစ်ဆေးဝါးများကို ယခင်ကထက် လွယ်လွယ်ကူကူ ဝယ်ယူ၍ ရလာသည်ဟု ကံပေါက်ဒေသခံများကဆိုသည်။

” အရင်ကနဲ့စာရင် ပေါ်ပေါ်တင်တင် ဖြစ်လာတယ်။ ခဲမိုင်းတွေ ရောက်လာပြီးနောက်မှာ မူးယစ်ဆေးက လွယ်လွယ်ဝယ်လို့ရလာတယ်။ ပြီးတော့ အာစီရမ်(မူးယစ်စေတတ်သည့်အရွက်ပြုတ်ရည်) ကတော့ လုံးဝပေါ်တင်ပဲချနေကြတယ်” ဟု ကံပေါက်ဒေသခံ လူငယ်တစ်ဦးကပြောသည် ။
ယင်းသို့ မူးယစ်ဆေးဝါးများ လွယ်လွယ်ကူကူဝယ်ယူ၍လာရပြီး နောက်ပိုင်း၌ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားဆဲ ကံပေါက်ဒေသတွင် နေအိမ်၊ စျေးဆိုင် ဖောက်ထွင်းခံရမှုများ မကြာခဏကြုံရပြီး ထိရောက်သည့် အရေးယူမှုလည်း မဆောင်ရွက်နိုင်ကြောင်း ဒေသခံများထံမှသိရသည် ။