ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသား ၁၀၀၀၀ နီးပါးကို နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အဆင့်မြင့်ပညာဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော ရေတိုကျောင်းသားဗီဇာ ၁၀၀၀၀ ကျော်ကို နေထိုင်ခွင့် ပြန်လည်ရုပ်သိမ်းထားကြောင်း ဝန်ကြီး Sudawan Wangsuphakijkosol က ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရုပ်သိမ်းခံရသော နိုင်ငံခြားသားများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။
ဘွဲ့ဒီဂရီပေးအပ်ခြင်းမရှိသော ရေတို နိုင်ငံတကာကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသူများလာသဖြင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် လဝကတို့ ပူးပေါင်း၍ အချက်အလက်များကို ကောက်ယူကာ နေထိုင်ခွင့် ဗီဇာများကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးကပြောသည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ် မေလကတည်းက နိုင်ငံတကာကျောင်းသားများကို ရေတိုကျောင်းသားဗီဇာ (Non-degree Course) ပေးအပ်မည်ဆိုပါက လိုက်နာရမည့် လုပ်ဆောင်ချက် စည်းမျဉ်းစည်းကမ်းများကို အဆင့်မြင့်ပညာဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း အဆင့်မြင့်ပညာဝန်ကြီးဌာနနှင့် လဝကတို့ ဆွေးနွေးခဲ့ပြီး ရေတိုကျောင်းသားဗီဇာ (Non-degree Course) ရယူထားသော ကျောင်းသားများအတွက် အချက်အလက်ရယူရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူထားကြောင်း သတင်းတွင် ဖော်ပြသည်။

ဘွဲ့ဒီဂရီပေးအပ်ခြင်းမရှိသော သင်တန်းကျောင်းများတွင် အပ်နှံထားသော ကျောင်းသားများစာရင်းကို အဆင့်မြင့်ပညာဝန်ကြီးဌာနထံ ကနဦး တင်ပြရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ထို့နောက် ကျောင်းသားဗီဇာနှင့် နေထိုင်ခွင့် ပေးရန်အတွက် သင်တန်းကျောင်းများတွင် အပ်နှံထားသော ကျောင်းသားများစာရင်းကို အဆင့်မြင့်ပညာဘက်မှ လဝကဘက်သို့ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
လက်ရှိတွင် နိုင်ငံတကာကျောင်းသားများကို လက်ခံထားသော တက္ကသိုလ်နှင့် သင်တန်းကျောင်းများအနေဖြင့် နောက်ဆုံးချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ကျောင်းအပ်လက်ခံပေးနေမှုကို ပြန်လည်သုံးသပ်ကြရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Bangkok Post, Khaosod