မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲရတ်ကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ထားဝယ်သား ထမင်းဆိုင်တွင် အလုပ် လုပ်ကိုင်နေသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရိုက်နှက်နှိပ်စက်ခံရကြောင်း မိန်းကလေး၏ မိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။
ဆိုင်ရှင်နှင့် အလုပ်သမားအချို့က ရိုက်နှက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဩဂုတ်လ ၂၁ရက်နေ့က အိုးခွက်ပန်းကန်များ ဆေးရာတွင် မပြောင်ဟုဆိုပြီး အသက် ၄ဝအရွယ် ဆိုင်ရှင် ဒေါ်ချမ်းမြေ့က မိန်းကလေးငယ်၏ မျက်နှာကို လက်ဖြင့်ရိုက်ပြီး အပေါ်အရှေ့သွားနှစ်ချောင်းကို ဂျိုင်းလိမ်း ဖန်ပုလင်းဖြင့် ထုရိုက်ခဲ့ကြောင်း နီးစပ်သူအချို့က ပြောဆိုသည်။
ယင်းအပြင်ဆိုင်ရှိ အလုပ်သမား အသက် ၁၉ နှစ်အရွယ် မယဉ်ယဉ်ချမ်း (ခေါ်) အငယ်မက ဦးခေါင်းနှင့် ကျောကုန်းကို ဝါးရိုးတပ်တံမြက်စည်းဖြင့် ရိုက်နှက်ပြီး နောက်ထပ် အသက် ၁၂ ရွယ် ဆိုင်အလုပ်သမား ယောက်ျားလေးတစ်ဦးတို့ ကလည်း ခြေသလုံးကို တံမြက်စည်းဖြင့် ရိုက်နှက်ခဲ့ကြောင်း မိန်းကလေး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ၅ ရက်ခန့်ကလည်း အလုပ်ဝင်နောက်ကျသည်ဟုဆိုကာ အထက်ပါ အသက် ၁၂နှစ်အရွယ် အလုပ်သမားက တုတ်အချွန်ဖြင့် ထိုးခဲ့သဖြင့် ယာဘက်ခြေသလုံးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါမိန်းကလေးသည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်က ထမင်းဆိုင်ရှိ လူများမနိုးခင် သံဖြူဇရပ်မြို့ရှိ ၎င်း၏နေအိမ်သို့ လမ်းလျှောက်ပြီး ထွက်ပြေးလာခဲ့ကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။
“ကလေးမက ဆိုင်ကလူတွေ မနိုးခင်မှာ ထွက်ပြေးလာတာ။ သူ့အိမ်ကို လမ်းလျှောက်ပြန်လာတဲ့အချိန်မှာ သုံးဘီး တစ်စီးနဲ့တွေ့လို့ သုံးဘီးက အိမ်ပြန်ပို့ပေးတာ။ ကလေးက တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ အိမ်ရောက်လာတော့ အကျိုးအကြောင်း မေးမြန်းတော့မှ သိရတာ။ တော်တော်နှိပ်စက်ခံထားရတယ်။ သွားလည်း ကျိုးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ကျောကုန်း ညိုမဲဒဏ်ရာ၊ ခြေသလုံး ပေါက်ပြဲ ဒဏ်ရာ၊ မေးစေ့ ပေါက်ပြဲဒဏ်ရာများရရှိထားပြီး သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ပြောသည်။
ယင်းသို့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိအောင် လုပ်ဆောင်ခဲ့သဖြင့် ဆိုင်ရှင်နှင့် အလုပ်သမားနှစ်ဦးကို အရေးယူပေးရန် မိကလေးငယ်၏ မိခင်ဖြစ်သူက သံဖြူဇရပ်နယ်မြေရဲစခန်းတွင် တိုင်ကြားထားကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။
အလိုအလျောက်နာကျင်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃၊ ဘေးဖြစ်စေတတ်သော လက်နက်များဖြင့်နာကျင်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄၊ ပြင်းထန်နာကျင်စေမှုပုဒ်မ ၃၂၅ နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄ တို့ဖြင့် ထားဝယ်သား ထမင်းဆိုင်ပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း သံဖြူဇရပ်ရဲစခန်းထံမှ သိရသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ထားဝယ်သားထမင်းဆိုင်ပိုင်ရှင်ကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရရှိသေးပေ။







