BREAKING
October 20, 2025

ကလိန်အောင်တွင် ဓာတ်ငွေ့ပိုက်လိုင်းအနီး အမျိုးသားအလောင်းတွေ့

July 23, 2025

ပုံစာ - နတ်အိမ်တောင်ပိုက်လိုင်း ကားလမ်းရှိ ထားဝယ်မြစ်ကူးတံတား။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး၌ ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ရုပ်အလောင်းတွေ့ရှိသည့် နေရာသည် ထိုင်းသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသုံးခု၏ လုံခြုံရေးအတွက် တပ်ထိုင်ထားသည့် စစ်ကောင်စီ၏ အမှတ် ၂၈၂ ခြေလျင်တပ်ရင်း နောက်တန်းဌာနချုပ်နှင့် မီတာ နှစ်ထောင်ခန့်အကွာတွင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုပ်အလောင်းကို ဒေသခံများက ဇူလိုင်လ ၂၂ ရက်တွင် တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိချိန်တွင် ပုပ်ပွနေပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးကြောင်း ဖော်ပြသည်။

“အခုတော့ မည်သူမည်ဝါ အတည်ပြုလို့မရသေးဘူး။ အဲဒီနေရာမှာ စကစ စစ်သားတွေပဲ လှုပ်ရှားတယ်ပေါ့။ သူတို့ စခန်း အနားမှာပေါ့နော်။ တချို့ဒေသခံတွေ သုံးသပ်မိတာက ရွာသားတစ်ယောက်ကိုဖမ်းတယ် မသင်္ကာမှုနဲ့ စကစ စစ်သားက သတ်လိုက်တယ်လို့ ယူဆတာပေါ့နော် ” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က ပြောသည်။

စစ်ကောင်စီတပ်က သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍မူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မည်သည့် ဒဏ်ရာဖြင့် သေဆုံးသည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို မတွေ့ရပေ။

အသတ်ခံရသည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို ရပ်မိရပ်ဖ၊ ဒေသခံများက ဆက်လက် စုံစမ်းလျက်ရှိကြောင်း KNU ထံမှ သိရသည်။

အလောင်းမတွေ့မီ နှစ်ရက်အလိုက အလောင်းတွေ့ရှိသည့်နေရာဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားမှုရှိသည်ကို တွေ့ရကြောင်း ကေဲအန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပိုက်လိုင်းစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများကို ခလရ ၂၈၂ တပ်ရင်းက ရံဖန်ရံခါ စစ်ကြောင်းထိုးလေ့ရှိပြီး မသင်္ကာသူ များအား ဖမ်းခေါ်သွားခြင်း၊ ရိုက်နှက်ခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း စီမံကိန်း ဧရိယာအတွင်းရှိ ကော့လှိုင်ရွာမှ ဒေသခံတစ်ဦး က ပြောသည်။

“လက်နက်ကြီးပစ်ပြီး ကော့လှိုင်နဲ့ မရမ်းချောင်းမှာ မိသားစုလိုက်ထိပြီး သေတဲ့ ဖြစ်စဥ် မဖြစ်ခင်တစ်ပတ် (ဇူလိုင် ပထမ အပတ်) က ရော်ဘာခြံထဲမှာ စစ်ကြောင်းနဲ့ တွေ့တဲ့ မွန်သားအဖနှစ်ယောက် သူတို့ (စစ်ကောင်စီတပ်သား) မေးတာ လည်လည်ဝယ်ဝယ် မဖြေနိုင်လို့ ရိုက်ခံရသေးတယ်။ တစ်ခါတလေလည်း စစ်ကြောင်းနဲ့ တွေ့ပြီး ခြံသမားတွေ တောက်လျှောက်ခေါ်သွားတာမျိုးရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခု အလောင်းတွေ့သည့် နေရာနှင့် နီးသည့် နတ်အိမ်တောင်ပိုက်လိုင်း တစ်လျှောက်ကို စစ်ကောင်စီက ဇူလိုင်ဒုတိယအပတ်တွင် စစ်ကြောင်းထိုးခဲ့သဖြင့် တော်လှန်ရေးအင်အားစုများ နှင့် တိုက်ပွဲများဖြစ်ခဲ့ကြသည် ။

ယင်းသို့ တိုက်ပွဲများဖြစ်ပြီးနောက် ယင်းစစ်ကြောင်းသည် ပြန်လှည့်သွားကြောင်း ပဒိုစောအယ်နား ကပြောသည် ။

စစ်ကောင်စီ စစ်ကြောင်း ပြန်လည်သွားပြီး တိုက်ပွဲများမရှိတော့သော်လည်း ပိုက်လိုင်းစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ကျေးရွာများဘက်သို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ ဇူလိုင်လ ၂၂ ရက်အထိ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည် ။

စစ်ရေးတင်းမာမှုနေသည့် ဒေသများတွင် နေထိုင်သော ဒေသခံများအနေဖြင့် အထူးသတိထား၍ ပြုမူနေထိုင် လှုပ်ရှားသွားလာကြရန် KNU က တိုက်တွန်းထားသည်။