BREAKING
November 19, 2025

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင်တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်ဆောင် လက်နက်ကြီးထိ

July 23, 2025

ပုံစာ - ညောင်ပင်ကွင်းရွာ တစ်နေအားတွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးမှာ နေအိမ်နှစ်ဆောင်ကို ထိမှန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(ဇူလိုင် ၂၃ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်မှစ၍ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်ပင်ကွင်းရွာရှိ လူနေအိမ်နှစ်ဆောင် ထိမှန်သွားပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်သည့်အတွက် ပျက်စီးမှုပမာဏကို အတိအကျမသိရသေးကြောင်း ၎င်းက ပြောသည်။

“လက်နက်ကြီးက များတယ် ပစ်နေတာ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုက မပြီးသေးဘူး။ အခုထိလည်း ပစ်နေတုန်း။ အသံတွေက ကြားနေရတာ အူတက်(ဆူညံ)နေတယ်”ဟု အထက်ပါဒေသခံက ညနေ ၄ နာရီဝန်းကျင်တွင် ပြောသည်။

ညောင်ပင်ကွင်းရွာသားအများစုက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလလယ်ကတည်းက ရွာအတွင်းမနေကြတော့ဘဲ အနီးအနားရှိ ရွာများတွင် အိမ်ငှားပြီး စစ်ဘေးရှောင်နေကြကာ အခြေအနေတည်ငြိမ်ပါက အိမ်ကိုသန့်ရှင်းရေးလာလုပ်ပြီး ပြန်သွားလေ့ရှိကြောင်း ညောင်ပင်ကွင်းရွာ ခံနောက်တစ်ဦးက ဆိုသည်။

“လူထိခိုက်မှုတော့ မရှိသေးဘူး။ရွာထဲလာနေတာက လူနည်းနည်းပဲရှိတယ်။ လက်နက်ကြီးတွေက ရွာထဲကိုပဲ လျှောက်ကျနေတယ်”ဟု အထက်ပါရွာသားက ပြောသည်။

ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်း အခြေစိုက်ထားပြီး ညောင်ပင်ကွင်းရွာတံတား အထိ စစ်ကောင်စီတပ်က နေရာယူထားကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ညောင်ပင်ကွင်းရွာရှိ လူနေအိမ်တစ်ဆောင်ပျက်စီးခဲ့သည်။