ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီး ၃ နှစ်ခွဲကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်းစကီး၏ အစိုးရကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှု ပေါ်ပေါက်လာသည်။
နိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများကို ချိနဲ့စေသည့် သမ္မတဇလန်းစကီးအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၂ ရက် အင်္ဂါနေ့ ညပိုင်းက ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ရှိ သမ္မတရုံးအပြင်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် အရပ်သားများနှင့် စစ်သားများပါ ပါဝင်ခဲ့သည်။
ယင်းမှာ ရုရှား၏ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံစေနိုင်ခဲ့သည့် ယူကရိန်းအမျိုးသားစည်းလုံးညီညွတ်ရေး၏ အသိသာအကြီးမားဆုံး အက်ကွဲကြောင်းဖြစ်သည်ဟု The New York Times က ဖော်ပြသည်။
ယူကရိန်းနိုင်ငံ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၏ အမှီအခိုကင်းလွတ်လပ်မှုကို အားနည်းစေသည်ဟု ဝေဖန်သူများက ထောက်ပြလျက်ရှိသည့် ဥပဒေကြမ်းကို သမ္မတဇလန်းစကီးက ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
အဆိုပါ ဥပဒေသစ်က အစိုးရရှေ့နေချုပ်အား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအမျိုးသားကော်မရှင်(Nabu) နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအထူးရှေ့နေရုံး (Sapo) ကို ထိန်းချုပ်ခွင့် ပေးလိုက်သည်။ ယင်းမှာ အဆိုပါ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အာဏာကို ချိနဲ့စေသည်ဟု ဝေဖန်သူများက ဆိုသည်။
ယနေ့ သမ္မတဇလန်းစကီး မိန့်ခွန်းပြောရာတွင်မူ အဆိုပါ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းနှစ်ခုစလုံးသည် ဆက်လက်လည်ပတ် လုပ်ကိုင်နေဦးမည်ဖြစ်သော်လည်း “ရှရှားလွှမ်းမိုးမှု” မှ ကင်းလွတ်နေရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအတည်ပြုလိုက်ပြီးနောက် ညတွင်းချင်းမှာပင် ယူကရိန်းမြို့တော် ကိယက်ဗ်တွင် လူရာပေါင်းများစွာ စုဝေး၍ ယင်းဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဥပဒေသစ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာသည်။
ယင်းမှာ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်လိုက်ပြီးကတည်းက ယူကရိန်းတွင် အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲဖြစ်ကြောင်း BBC က ဖော်ပြသည်။
အခြားယူကရိန်းမြို့ကြီးများ ဖြစ်သည့် Lviv ၊ Dnipro နှင့် Odesa မြို့များတွင်လည်း အလားတူ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
Source: The New York Times ၊ BBC