BREAKING
October 20, 2025

ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်မည်ဟု သတင်းထွက်

July 23, 2025

ပုံစာ - ဂျပန်ဝန်ကြီးချုပ် အီရှိဘာအား တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - Philip Fong/Pool Photo via AP

ဂျပန်ဝန်ကြီးချုပ် ရှိဂဲယုအိရှိဘာသည် ရာထူးမှ နုတ်ထွက်တော့မည့်အကြောင်း နောက်လအကုန်တွင် အသိပေးကြေညာမည်ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာများက ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြသည်။

တနင်္ဂနွေနေ့က ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အိရှိဘာ၏ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီက နေရာအများစုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်သတင်းမီဒီယာများက ယင်းသို့ ဖော်ပြလာသည်။

အမေရိကန်သို့ ဂျပန်အော်တိုကားများ တင်သွင်းမှုနှင့် အခြားကုန်စည်များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန် လျှော့ချပေးလိုက်သည့် ထရမ့်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီးနောက်တွင် ဝန်ကြီးချုပ်အီရှိဘာ နုတ်ထွက်မည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ၊ ကြီးထွားလာနေသည့် နိုင်ငံ့စီးပွားရေးပြဿနာကို ဖြေရှင်းရန် ရာထူးတွင် ဆက်ရှိနေဦးမည်ဟု ဂျပန်ဝန်ကြီးချုပ်အီရှိဘာက တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရာထူးတွင် ဆက်ရှိမရှိ ၎င်း၏ ဆုံးဖြတ်ချက်က အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မူတည်သလားဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုကို အီရှိဘာက “ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ ရလဒ်ကို ကျွန်တော် သေသေချာချာ မစောင့်ကြည့်ရသေးသရွေ့ ကျွန်တော့်ဘက်က ဘာမှ မပြောနိုင်သေးပါဘူး” ဟု ဖြေကြားခဲ့သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိပြီးလျှင် ရွေးကောက်ပွဲရှုံးနိမ့်မှုအတွက် ၎င်း တာဝန်ခံသွားမည်ဟု အင်္ဂါနေ့ညနေပိုင်းတွင် အီရှိဘာက ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုခဲ့ကြောင်း Yomiuri သတင်းစာက ဖော်ပြသည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည့် သက်တမ်း တစ်နှစ်မပြည့်သေးခင် ဝန်ကြီးချုပ်အိရှိဘာ ရာထူးမှ နုတ်ထွက်ခဲ့လျှင် ၎င်းအား ဆက်ခံမည့် ကိစ္စနှင့် ပတ်သက်၍ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) အတွင်း အားပြိုင်မှုများ ပေါ်ထွက်လာနိုင်ကြောင်း ရိုက်တာက ဖော်ပြသည်။

ယင်းမှာ အထူးသဖြင့် “ဂျပန်လူမျိုး ပထမ” ကြွေးကြော်သံနှင့် လက်ယာစွန်း Sanseito ပါတီအပါအဝင် ပါတီသစ်များ အင်အားကြီးထွားလာမှုကို အာဏာရ LDP ပါတီ ရင်ဆိုင်လာရသောကြောင့် ဖြစ်ကြောင်း ရိုက်တာက ဖော်ပြထားသည်။

Source: Reuters