လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်စ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရှိရသည်။
လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး မောင်းမကန်ကျေးရွာရှိ လူနေအိမ်များအနီးသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၅၀ နှစ်အရွယ်ရှိ ဦးနွန်ပု နေရာတွင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။
“(ဦးနွန်ပု) ငါးဖမ်းပိုက် ဖာနေတုန်း ဘေးနားလာကျတာ။ လည်ပင်းနဲ့ ခြေထောက်ထိပြီး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်နေရာအနီးရှိသည့် အသက် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအနက် အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားသောကြောင့် ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ်ဆေးရုံသို့ ဆေးကုသရန်ရန် လာရောက် ယူဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကလေးငယ်ကို ဆေးရုံတွင် အရေးပေါ်ကုသနေချိန် သေဆုံးကြောင်း ၎င်းက ဆိုသည်။
မောင်းမကန်ကျေးရွာရှိ မောင်းမကန်နယ်မြေရဲစခန်းအနီးတွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်ကစ၍ လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး နံနက် ၁၀နာရီခန့်အထိ ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။
သို့သော် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ မရှိကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်မဖြစ်ဆိုသည်ကို သိရှိနိုင်ရန် လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံထံ Dawei Watch က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ဖုန်းဖြင့် ဆက်သွယ်ထားသော်လည်း အဆက်အသွယ် မရရှိသေးပေ။
ဇူလိုင်လ ၂၂ ရက်တွင်လည်း ထားဝယ်မြို့ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်ပြီး လောင်းလုံးမြို့နယ် သဗျာကျေးရွာအုပ်စု၊ ပန်းတောပြင်ရွာသားတစ်ဦး သေဆုံးခဲ့သည်။







