မြိတ်မြို့တွင် ဝါတန်း (ဝိုင်းကြီးချုပ်) ငါးဖမ်းလှေလိုက်မည့် အလုပ်သမားရှားပါးနေသည့်အတွက် ကျေးရွာများအထိ လိုက်ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းလှေပိုင်ရှင်များထံမှ သိရသည်။
စစ်ကောင်စီက မြို့ပေါ်တွင် အဓမ္မစစ်မှုထမ်းခေါ်ယူမှုများရှိနေသဖြင့် လူငယ်များတိမ်းရှောင်နေရခြင်းနှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပထွက်သူများခြင်းတို့ကြောင့် လုပ်သားရှားပါးနေကြောင်း ၎င်းတို့က ပြောသည်။
အာဏာမသိမ်းမီကာလကဆိုလျှင် အဆိုပါ ငါးဖမ်းလှေများတွင် လိုက်မည်သူ အလွန်များခဲ့ကြောင်း ဝါတန်းလှေပိုင်ရှင်များ က ဆိုသည်။
လက်ရှိ မြို့ပေါ်တွင် ရေလုပ်သား ရှာမရသဖြင့် နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများရှိ ဒေသခံများကို စည်းရုံးပြီး ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
၎င်းလှေတွင်ပင် ရေလုပ်သား ငါးဦးခန့် လိုအပ်နေသေးသဖြင့် ပင်လယ်ပြင် ငါးဖမ်းမထွက်နိုင်သေးကြောင်း ၎င်းက ပြောသည်။
အခြားဝါတန်းငါးဖမ်းလှေအချို့တွင်မူ လုပ်သားဦးရေမပြည့်ဘဲ ပင်လယ်ငါးဖမ်းထွက်နေရသည့် လှေများလည်းရှိကြောင်း အထက်ပါ လှေပိုင်ရှင်က ဆိုသည်။
ဝါတန်း ငါးဖမ်းလှေတစ်စင်းလျှင် ရေလုပ်သား ၄၀ ဝန်းကျင်လုပ်ကိုင်လေ့ရှိသည်။
လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်၌ ကမ်းဝေးငါးဖမ်းလှေများ၏ ငါးဖမ်းရာသီကို ဇူလိုင်လ ၁ ရက်မှ မတ်လကုန်အထိ သတ်မှတ်ထားပြီး ကျန်သည့်ကာလကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီက ငါးဖမ်းလှေ ကမ်းကပ်နေချိန် စစ်ကောင်စီတပ် လှည့်ကင်းလှည့်နှင့်တွေ့ပြီး စစ်မှုထမ်း အတွက် အဖမ်းခံရသူအချို့ရှိသည်ဟု ကြားရကြောင်း မြိတ်မြို့ပေါ်က ရေလုပ်သားတစ်ဦးက ဆိုသည်။
“ကမ်းကပ်ရင် ကမ်းပေါ်မှာ ဘာအခြေအနေရှိနေလို့ မသိကြဘူး။ ကမ်းပေါ်ခဏ ဂစ်တာတီးရင်တောင် လာဆွဲခေါ်သွား ကြတယ်။ အချို့ အဆင်ပြေနေကြသူတွေ (လှေ) မလိုက်ကြတော့ဘူး။ ကျွန်တော်က စားဝတ်နေရေး အဆင်ပြေဖို့အတွက် လိုက်နေရတယ်” ဟု ၎င်းက ပြောသည်။
ဝါတန်း ငါးဖမ်းလှေအပြင် ဝါလတ်ငါးဖမ်းလှေ (ဒရွတ်ဆွဲပိုက်) တွင်လည်း ရေလုပ်သားရှာရခက်နေကြောင်း လှေပိုင်ရှင် အချို့ထံမှ သိရသည်။
ငါးဖမ်းလှေလုပ်ကိုင်သည့် ရေလုပ်သားအများစုမှာ မြိတ်၊ ထားဝယ် နှင့်ရခိုင်ပြည်နယ်နေသူများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေအစင်းရေ ၁၅၀၀ ဝန်းကျင်ရှိကြောင်း ငါးဖမ်းလှေအသိုင်းအဝိုင်းထံမှ သိရသည်။