တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်ကလေးတစ်ဦး ဦးနှောက်အမြှေးပါးရောင်နေ၍ မြိတ်မြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း ကလေးမိသားစုနှင့် ကူညီပေးနေသူများထံမှ သိရသည်။
တနင်္သာရီမြို့နယ်က အသက် ၄ နှစ်အရွယ် မောင်ပိုင်ထူးခန့်သည် အပြင်းဖျားသဖြင့် ဆေးရုံတက်နေရသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။
တနင်္သာရီမြို့နယ်၊ ၊ချောင်းလမုရွာတွင်နေထိုင်သည့် ၎င်းတို့သားအဖမှာ တိုက်ပွဲများကြောင့် မြိတ်မြို့ ရှားတောဝဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေရာက ဖျားလာခြင်းဖြစ်သည်။
“အဖျားကြီးပြီးတော့ တက်တယ်။ ပြီးတော့ ဦးနှောက်အာရုံကြောကို သွားထိခိုက်တယ်ပြောတယ်။ အဖြေထွက် ထားတာတော့ ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာတဲ့” ဟု ဖခင်ဖြစ်သူက ပြောသည်။
မိခင်ဖြစ်သူမှာ မောင်ပိုင်ထူးခန့် အသက် တစ်နှစ်ရှစ်လအရွယ်တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားသည်ဟု ဆိုသည်။
လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေးပြဿနာသည် အချိန်ယူကုသရမည့် အခြေအနေရှိကြောင်း ဆရာဝန်ထံမှ သိရှိထားရသည့်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း အသက် ၂၉ နှစ်အရွယ် ဖခင်ဖြစ်သူက ပြောသည်။
ချောင်းလမုရွာတွင် နေထိုင်စဥ်က တောင်ယာခုတ်ရင်း အသက်မွေးခဲ့သည့် ဖခင်ဖြစ်သူသည် လက်ရှိ မြိတ်မြို့ပေါ်တွင် အငှားခေါ်မည့်သူရှိပါက ကားစပယ်ယာ၊ပန်းရံ စသည့် ကျပန်းအလုပ်များဖြင့် အသက်မွေးနေရကြောင်း ၎င်းကဆိုသည်။
“ကလေးကို (ဘုန်းကြီးကျောင်းမှာ)ထားပြီးတော့ အလုပ်လိုက်လုပ်တယ်၊ ဆေးဖိုးဝါးခ ရအောင်ဆိုပြီး။ ကိုယ်ကလည်း အဆင်မပြေတော့ (ဆေးခန်း)မပြနိုင်ဘူး၊ အဲဒါနဲ့ သားငယ်က ကြာလာတော့ အတက်စိပ်လာတာ” ဟု ဖခင်ဖြစ်သူက ပြောသည်။
မွေးရာပါ ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်သည့် အဆိုပါကလေးငယ်သည် ယခုနှစ်အတွင်း ကျန်းမာရေးပြဿနာ ကြုံလာရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရက်နှစ်ဆယ်ခန့် ဆေးရုံတက်ခဲ့ရသေးကြောင်း သိရသည်။
လက်ရှိတွင် မြိတ်မြို့ခံ ပရဟိတသမားအချို့မှတစ်ဆင့် အလှူရှင်များ၏ ကူညီပေးမှုဖြင့် ဆေးကုသမှုစရိတ်ကို ဖြေရှင်းနေကြောင်း သိရသည်။