နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရွှေအရောင်းအဝယ် ရပ်တန့်သွားပြီး ထိုင်းဘတ်ဈေးလည်း ထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်း ခန့်မှန်းဈေးဖွင့်ထားသော်လည်း ရွှေဒိုင်များတွင်ပင် အရောင်းပိတ်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဒိုင် မှာမေးတာ အခေါက်ဒိုင် အကုန်လုံး အရောင်းနားတယ်ပြောတယ်ရှင်”ဟု အဆိုပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းခြောက်သောင်းဝန်းကျင်ဖြင့် ရောင်းချနေသည်။
ထို့အတူ ထိုင်းဘတ်ဈေးလည်း ထိုးတက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၄ ကျပ်နီးပါး(အချိန်နှင့်အမျှ စျေးပြောင်းနေ) ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်က ထိုင်းငွေတစ်ဘတ်လျှင် ၈၉ ကျပ်ဝန်းကျင်ရှိရာမှ အချိန်ပိုင်းအတွင်းမှာပင် ဈေးတက်သွားကြောင်း ထားဝယ်ဒေသအတွင်း ငွေလွှဲလုပ်ငန်းလုပ်နေသူတစ်ဦးက ဆိုသည်။
ထိုသို့ ရုတ်တရက်ဈေးတက်သွားသည့်အတွက် ဘတ်ရောင်းသူမရှိသလောက် ဖြစ်သွားကြောင်း ၎င်းက ပြောသည်။
“လိုသလောက်ပဲ ထုတ်နေကြတော့တယ်။အခြေအနေကတော့ ထူးဆန်းနေတယ်။ (ဈေး)အတက်အကျကြမ်းမယ်”ဟု အဆိုပါငွေလွှဲလုပ်ငန်းလုပ်သူက ဆိုသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ယခုလကုန်(ဇူလိုင် ၃၁) မှစတင်ပြီး ထုတ်ဝေဖြန်ချိမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၂၃)တွင် ထုတ်ပြန်ကြေညာထားသည်။
အသစ်ရိုက်နှိပ်ထားသည့် ငွေစက္ကူများ လတ်တလော စျေးကွက်အတွင်း မရောက်ရှိလာသေးသော်လည်း ကျပ်ငွေအပေါ် လူထုယုံကြည်မှု ကျဆင်းသွားခြင်းကြောင့် စျေးကွက်အတွင်း ငွေတန်ဖိုးကျရိပ်သန်းလာခြင်းဟု လေ့လာသူများကဆိုသည်။
ယင်းကြေညာချက် ထွက်အပြီးတွင် ပြည်သူများမှာ ငွေတန်ဖိုးထိုးကျမည့် အခြေအနေကို စိုးရိမ်နေကြပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာမည်ဟု ခန့်မှန်းနေကြသည်။







