ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်ဗီဇာလျှောက်သူများ မိမိဆိုရှယ်မီဒီယာအကောင့်ကို public ဖွင့်ထားရမည်

June 23, 2025

ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာအမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးအတွက် စည်းကမ်းချက်အသစ်တစ်ရပ်ကို ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်သစ်အရ သတ်မှတ်ထားသည့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးသည် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို လူတိုင်း ကြည့်ရှုနိုင်ရန် ဖွင့်ထားရမည် ဖြစ်သည်။

“ဗီဇာလျှောက်ထားသူများ မည်သူမည်ဝါဖြစ်ကြောင်း သိစေရန် ၊ ဥပဒေအရ အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပေးနိုင်ခြင်းရှိမရှိ စစ်ဆေးစောင့်ကြည့်မှု ပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံသို့ F ဗီဇာ ၊ M ဗီဇာ ၊ J ဗီဇာ လျှောက်ထားသူအားလုံးသည် မိမိ၏ ဆိုရှယ်မီဒီယာအကောင့်များ၏ ပုဂ္ဂလိကလုံခြုံမှုအပြင်အဆင်များကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားရမည်” ဟု ဘန်ကောက်မြို့ ၊ အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြထားသည်။
F ဗီဇာသည် အမေရိကန်နိုင်ငံ၌ ပညာသင်ယူမည့် ကျောင်းသားများအတွက် ထုတ်ပေးသည့် ဗီဇာ ဖြစ်သည်။

M ဗီဇာသည် အမေရိကန်နိုင်ငံ၌ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့် ပတ်သက်သည့် မွမ်းမံသင်တန်းများ တက်ရောက်မည့် ကျောင်းသားများအတွက် ထုတ်ပေးသည့် ဗီဇာ ဖြစ်သည်။

J ဗီဇာသည် အမေရိကန်နိုင်ငံ၌ ပညာရေး ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် (Exchange Program) ဖြင့် သွားရောက်မည့်သူများအတွက် ထုတ်ပေးသည့် ဗီဇာ ဖြစ်သည်။

အဆိုပါ ဗီဇာအမျိုးအစားသုံးခုစလုံးကို လျှောက်ထားသူများသည် အဆင့် ၆ ဆင့်ကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဟု သိရသည်။

ပထမဆုံးအဆင့်အနေဖြင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ် သို့မဟုတ် သင်ကြားရေးဌာနတစ်ခုခုမှ သင်တန်းဝင်ခွင့်လက်ခံစာ ရရှိထားရမည် ဖြစ်သည်။

နောက်ဆုံးအဆင့်မှာ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးတွင် လူတွေ့ အင်တာဗျူး ဖြေဆိုရခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်အစိုးရအပေါ် ဝေဖန်မှုများရှိနေပြီး လူမှုကွန်ရက်မီဒီယာများပေါ်တွင် ထရမ့်အစိုးရကို ဝေဖန်သောကြောင့်ဟုဆိုကာ ပြည်ဝင်ခွင့် ငြင်းပယ်ခံရမှုများလည်း ရှိခဲ့သည်။

Source: Bangkok Post