BREAKING
October 20, 2025

နိုဘယ်ဆုပေးရန် ထောက်ခံပြီး တစ်ရက်အကြာ ပါကစ္စတန်က ထရမ့်ကို ရှုတ်ချ

June 23, 2025

ပုံစာ - အမေရိကန်က အီရန်ရှိ အဏုမြူစီမံကိန်းတည်နေရာများကို တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံ ၊ ကရာချိမြို့ရှိ တနင်္ဂနွေနေ့ ကန့်ကွက်ဆန္ဒပြပွဲမြင်ကွင်း။ ဓာတ်ပုံ - REUTERS/Akhtar Soomro

အီရန်ရှိ အဏုမြူစီမံကိန်းတည်နေရာများအား ထရမ့်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ပါကစ္စတန်က ဇွန်လ ၂၂ ရက်က ရှုတ်ချလိုက်သည်။

အိန္ဒိယ-ပါကစ္စတန် ၄ ရက်ကြာ ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေပေးမှုကြောင့် ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရန် အဆိုပြုသွားမည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်အကြာတွင် ယင်းသို့ ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

အီရန်ရှိ အဏုမြူစီမံကိန်းများကို ဗုံးကြဲတိုက်ခိုက်ရန် ထရမ့်၏ ဆုံးဖြတ်ချက်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ပါကစ္စတန်အစိုးရက တနင်္ဂနွေနေ့က ပြောသည်။

လက်ရှိ အစ္စရေး – အီရန်စစ်ပွဲကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ သံတမန်ရေးနည်းလမ်းသာ ဖြစ်ကြောင်းလည်း ဆိုသည်။

“အီရန်အပေါ် လက်ရှိကျူးကျော်တိုက်ခိုက်မှုကြောင့် တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေ မကြုံစဖူး မြင့်တက်လာတာဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ တင်းမာမှုတွေ အရှိန်မြှင့်တက်လာမှုဟာ ဒေသတွင်းနဲ့ ဒေသတွင်းကို ကျော်လွန်တဲ့ အင်မတန် ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာစေလိမ့်မယ်” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

တနင်္ဂနွေနေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ရှာရစ်ဖ်က အီရန်သမ္မတမာဆူးပက်ဇက်ရှ်ကီယန်ထံ ဖုန်းဖြင့်ဆက်သွက်ကာ ပါကစ္စတန်အနေဖြင့် အမေရိကန်၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုသွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်အကြာတွင် ယင်းသို့ ရှုတ်ချခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ပါကစ္စတန်အစိုးရက ဖြေကြားခြင်းမရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း ပါကစ္စတန်၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချိမြို့တွင် တနင်္ဂနွေနေ့က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထရမ့်ပုံ ထည့်သွင်းထားသည့် အမေရိကန်အလံ အကြီးစားတစ်ခုကို ဆန္ဒပြသူများက လမ်းမပေါ် ချခင်းကာ တက်နင်းလမ်းလျှောက်ခဲ့ကြသည်။

အမေရိကန် ၊ အစ္စရေးနှင့် အိန္ဒိယကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက ကြွေးကြော် အော်ဟစ်ခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Source: Reuters