ဟော့မုဇ်ရေလက်ကြားကို အီရန်က မပိတ်ဆို့သွားရေး တရုတ်နိုင်ငံက ဖျောင်းဖျပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန်လ ၂၂ ရက်တွင် တိုက်တွန်းလိုက်သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းဝန်းကျင် ဖြတ်သန်းစီးဆင်းနေသည့် ဟော့မုဇ်ရေလက်ကြားကို ပိတ်ဆို့ရန် အီရန်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်တွင် မာကိုရူဘီယိုက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
အီရန်ရှိ အဏုမြူစီမံကိန်းများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်လွှတ်တော်က ယင်းသို့ မဲဆွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“တရုတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန်ကို ဆက်သွယ်ပြောဆိုဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရဟာ ရေနံရရှိရေးအတွက် ဟော့မုဇ်ရေလက်ကြားကို ကြီးကြီးမားမား မှီခိုနေရတာကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဟော့မုဇ်ရေလက်ကြားကို ပိတ်ဆို့လျှင် အီရန်၏ နောက်ထပ်ဆိုးရွားသည့် အမှားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အီရန်က ဒီလိုမျိုး လုပ်လိုက်မယ်ဆိုရင် ဒါက သူတို့အတွက် စီးပွားရေးအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပါပဲ။ သူတို့ ပိတ်ဆို့လိုက်လို့ တုံ့ပြန်မယ့်နည်းလမ်းတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ အခြားနိုင်ငံတွေအနေနဲ့လည်း ဒီကိစ္စကို အာရုံစိုက်သင့်ပါတယ်။ ဒီကိစ္စကြောင့် ကျွန်တော်တို့စီးပွားရေးထက် သူတို့စီးပွားရေးက ပိုထိခိုက်မှာမို့လို့ ဖြစ်ပါတယ်” ဟု မာကိုရူဘီယိုက ပြောဆိုသည်။
ဟော့မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်လျှင် အစ္စရေး-အီရန် စစ်ပွဲကို အရှိန်မြှင့်တင်လိုက်ရာကျပြီး အမေရိကန်နှင့် အခြားနိုင်ငံများက ယင်းအပေါ် တုံ့ပြန်လာမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မာကိုရူဘီယို၏ တနင်္ဂနွေနေ့ ပြောဆိုမှုနှင့် ပတ်သက်၍ အမေရိကန်ရှိ တရုတ်သံရုံးက တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
Source: Reuters