တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ကင်းတာဝန်ကျနေချိန် ထွက်ပြေးပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဇွန်လ ၁၉ရက်တွင် စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရန်အတွက် တနင်္သာရီမြို့နယ်၊ ဘန်းလမွတနှင့် ပနပ်ငယ်ကျေးရွာတို့ ကြားတွင် လမ်းကင်းတာဝန်ကျချိန် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး တနင်္သာရီပြည်သူ့ ကာကွယ်ရေးအဖွဲ့ဇုန်-၅ထံ ဘက်ပြောင်းလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထွက်ပြေးလာသူနှစ်ဦးသည် စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် အဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရပ်ကွက်ထဲမှာ စစ်မှုထမ်းအလှည့်ကျ မဲပေါက်လို့ မဟုတ်ဘူး။ အတင်းအဓမ္မ ဆွဲခေါ်ခံရပြီး တပ်သားသစ် စုဆောင်းခံရတဲ့အထဲ ပါလာသူတွေ” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
အဆိုပါ တပ်သားသစ်စုဆောင်းခံရသူနှစ်ဦးသည် MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ၉ခုနှင့် ကျည် ၂၄၀တောင့် ယူဆောင်လာကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လမ်းကင်းတာဝန်ကျနေတုန်း ထွက်ပြေးလာပြီး ကျွန်တော်တို့ကို ဆက်သွယ်လာတာပါ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးမှာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အမှတ် ၁ ဂျိုးဖြူ စစ်သင်တန်း လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၉ သင်တန်းသားများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါသင်တန်းကျောင်းတွင် သင်တန်းနှစ်လခွဲ တက်ရပြီးနောက် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် စကခ ၁၃ တွင် မွမ်းမံသင်တန်း နှစ်ပတ်တက်ရကြောင်း ဖော်ပြသည်။
ယင်းနောက် မြိတ်မြို့ အမှတ် ၁၀၃ တပ်တွင် နှစ်ရက်အကြာ နေထိုင်ခဲ့ရပြီး တနင်္သာရီမြို့နယ် အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်တွင် တာဝန် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
မြိတ်ခရိုင်တွင် ဇွန်လအတွင်း တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးအထိ ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။