အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်သွားနိုင်ခြေရှိကြောင်း အီရန်က ဇွန်လ ၂၂ ရက်တွင် ခြိမ်းခြောက်လိုက်သည်။
အီရန်ရှိ အဏုမြူစီမံကိန်းများကို အကြီးစားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဖျက်ဆီးနိုင်ခဲ့ပြီဟု အမေရိကန်အစိုးရက ကြေညာခဲ့ပြီးနောက်တွင် အီရန်က ယင်းသို့တုံ့ပြန်ခြင်းဖြစ်သည်။
“အမေရိကန်ဟာ အစ္စလာမ်ကမ္ဘာရဲ့ အသည်းနှလုံးကို တိုက်ခိုက်ခဲ့ပြီ။ အမေရိကန်အနေနဲ့ ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ်”ဟု အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ၏ အကြံပေးပုဂ္ဂိုလ် Ali Akbar Velayati က ပြောသည်။
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံလာရနိုင်ကြောင်း ၎င်းက ဆိုသည်။
“အီရန်ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ အရှေ့အလယ်ပိုင်းနဲ့ အခြားနေရာတွေမှာရှိတဲ့ ဘယ်နိုင်ငံမဆို အီရန်စစ်တပ်ရဲ့ တရားဝင်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အမေရိကန်က အီရန်၏ အဏုမြူစီမံကိန်းတည်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် တိုက်ခိုက်မှုရပ်စဲရန် တိုက်တွန်းထားသည်။
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်အဏုမြူစီမံကိန်းများ၏ ထိခိုက်ပျက်စီးမှုပမာဏမှာ ရှင်းရှင်းလင်းလင်းမသိရသေးဟု အမေရိကန်အရာရှိအချို့က ဆိုသည်။
အမေရိကန်၏ ပါဝင်တိုက်ခိုက်မှုကြောင့် အစ္စရေး-အီရန် စစ်ပွဲ ပိုမိုကျယ်ပြန့်ဆိုးရွားလာမည့်အရေး နိုင်ငံတကာအသိုင်းအဝန်းက စိုးရိမ်ပူပန်လျက်ရှိသည်။
Source: AFP