စစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ချက်များကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေ သည့်အတွက် မြိတ်ကျွန်းစုဒေသထွက်ရေထွက်ပစ္စည်းများ ရောင်းအားကျနေပြီး ဈေးကျနေကြောင်း ကုန်သည်အချို့ထံမှ သိရသည်။
ရန်ကုန်ကဲ့သို့ တိုင်းပြင်ပဒေသများကို ရေထွက်ကုန်ပစ္စည်းတင်ပို့ရာတွင် အချိန်ကြန့်ကြာခြင်း၊ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များက စစ်ဆေးပြီးသိမ်းဆည်းခြင်းစသည့်အခြေအနေများ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။
“လမ်းခရီးတအားကြန့်ကြာလာတော့ ဝယ်သူလက်ထဲရောက်ဖို့ မြို့ရွာအလိုက် တစ်လနီးပါးလောက်ကြာတယ်။ တချို့ကုန်တွေဆို ဝယ်သူတွေဆီရောက်ရင် ပေါက်ပြဲကုန်တယ်။ ပုစွန်ခြောက်၊ ငါးပိတွေဆို တချို့ဂိတ်တွေက ယူထားခဲ့တာမျိုးတောင်ရှိတယ်” ဟု မြိတ်မြို့နေ ရေထွက်ပစ္စည်းလက်လီ၊ လက်ကားရောင်းချနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ပုစွန်ခြောက်နှင့် ငါးပိကဲ့သို့ ရေထွက်ပစ္စည်းများမှာ ဒေသတွင်းရောင်းအားကိုသာ အားကိုးနေရပြီး တိုင်းပြင်ပရှိ မြို့နယ်များ၏ အမှာအော်ဒါ ထက်ဝက်ခန့်နည်းသွားကြောင်း ၎င်းက ပြောဆိုသည်။
ထို့ကြောင့် မိုးရာသီရောက်နေသော်လည်း မြိတ်ကျွန်းစုဒေသထွက်ရေထွက်ကုန်များ စျေးပိုမရသည်အပြင် ယခင်ဈေးနှုန်းထက် အနည်းငယ်ကျဆင်းနေကြောင်း ရေလုပ်သားအချို့က ဆိုသည်။
“မိုးရာသီရောက်ရင် ရေထွက်ကုန်တွေ ဈေးတက်တာက သဘာဝပဲလေ။ အခုဟာက ဈေးတောင်နည်းနည်း ကျသွားသေးတယ်။ ဈေးပိုမရဘူး။ ရောင်းအားကျတယ်လို့လည်း ဘိတ် (မြိတ်) ဝယ်လက်ကုန်သည်တွေကပြောတယ်” ဟု ကျွန်းစုမြို့နယ်နေ ရေလုပ်သားတစ်ဦးက ပြောသည်။
မိုးမကျမီက တစ်ပိဿာလျှင် ကျပ်တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိသည့် ပုစွန်ခြောက်မှာ လက်ရှိတွင် ကျပ် ရှစ်သောင်းဝန်းကျင်ဖြစ်သွားပြီး ငါးပိတစ်ပိဿာလျှင် ကျပ် တစ်သောင်းစျေးရှိရာမှ ကျပ်ခုနစ်ထောင်ဝန်းကျင် ဖြစ်လာကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။