တနင်္သာရီဒေသရှိ ပဋိပက္ခကာလအတွင်း စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှု ခံစားနေရသူများအတွက် စိတ်နှင့် လူမှုဆိုင်ရာပံ့ပိုးမှုသင်တန်း (Psychosocial Support Training) ဖွင့်လှစ်မည်ဖြစ်ကြောင်း “The Ants-Tanintharyi” အဖွဲ့ထံမှ သိရသည်။
The Ants-Tanintharyi သည် ထားဝယ်ခရိုင်အတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။
စစ်ဘေး၊ သဘာဝဘေးနှင့် လူမှုပဋိပက္ခအကျိုးသက်ရောက်မှုများ ခံစားနေရသူများအတွက် ဦးစားပေး၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းအမည်ကို “The Inner Shelter -ပတ်ဝန်းကျင်မှာ အန္တရာယ်များနေချိန် ကိုယ့်စိတ်ထဲမှာ ခိုလှုံရာ တည်ဆောက်ခြင်း” ဟု အမည်ပေးထားကြောင်း The Ants-Tanintharyi အဖွဲ့ထံမှ သိရသည်။
“စစ်ဘေးဒဏ် ခံစားရတာတစ်ခုတည်းထက် ကျွန်တော်တို့ရည်ရွယ်တာက အခုလက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အကျိုးသက် ရောက်မှုကို ခံစားကြရသူတွေအတွက်ပါ ပါဝင်ပါတယ်” ဟု The Ants-Tanintharyi အဖွဲ့တာဝန်ခံ ကိုအသာက ပြောသည်။
ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ Zoom platform အသုံးပြု၍ စိတ်ပညာဆိုင်ရာ အတွေ့အကြုံ ရှိ ဆရာ ၊ ဆရာမ များက သင်တန်းသား ၂၃ ဦးကို အခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
စစ်ဘေးဒဏ်နှင့် သဘာဝဘေးဒဏ် ခံစားနေရသူများ၊ CDM များ၊ တက်ကြွလှုပ်ရှားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ စသည်ဖြင့် ယခုဖြစ်ပေါ်နေသော ပဋိပက္ခအခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသူ မည်သူမဆို အဆိုပါ သင်တန်းတွင် ပါဝင်လေ့လာနိုင်ကြောင်း The Ants-Tanintharyi အဖွဲ့ကဆိုသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဇွန်လ ၂၅ ရက် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာများကို The Ants-Tanintharyi အဖွဲ့ ၏ လူမှုကွန်ရက်စာမျက်နှာတွင် တောင်းယူ၍ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။
အလားတူ Psychosocial Support Training သင်တန်းတစ်ခုကို ပြီးခဲ့သည့်မေလက စီစဥ်ခဲ့ဖူးပြီး CDM ကျောင်းသားများ ၊ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း The Ants-Tanintharyi အဖွဲ့ထံမှသိရသည်။
တနင်္သာရီဒေသတွင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းများကို အွန်လိုင်းတွင်သာ လုပ်ဆောင်နိုင်သေးပြီး မြေပြင်တွင် လုပ်ဆောင်နိုင်ရန် သင်တန်းဆရာ ပညာရှင် အရင်းအမြစ် အခက်အခဲ ရှိကြောင်း ကိုအာသာက ဆိုသည်။
“ဒီလို training တွေမြေပြင်မှာလုပ်နိုင်ဖို့ဆိုရင် နံပါတ်တစ်က ပညာရှင်အရင်းအမြစ်လိုမယ်။ နံပါတ်နှစ်အနေနဲ့ ဒေသခံပြည်သူတွေကိုယ်တိုင်က ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ဂရုစိုက်သင့်မှန်း သိဖို့၊ လက်ခံနိုင်ဖို့လိုအပ်မယ်။ နောက်ဆုံးအနေနဲ့က အစိုးရနဲ့ အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်။ ပညာရှင်အရင်းမြစ်က onlineက တစ်ဆင့်ပဲရနိုင်သေးတော့ တကယ့် အကျိုးသက်ရောက်မှုကို ခံစားနေရသူတွေအားလုံးဆီ ရောက်နိုင်ဖို့ စိန်ခေါ်မှုရှိနေပါသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
The Ants-Tanintharyi အဖွဲ့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်ပြီး လက်ရှိတွင် ထားဝယ်ခရိုင် အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ လူသားချင်းစာနာမှု၊ ပညာရေးအထောက်အကူပြုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။