ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ
အမေရိကန်-အိန္ဒိယ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံ

အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်နှစ်ဦးက ဇွန်လ ၂၂ ရက်နေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ မိတ်ဆွေအဖြစ် ခိုင်မာအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ကျနော်တို့ရဲ့ ကမ္ဘာမှာ ဗျူဟာကျတဲ့ မိတ်ဆွေတွေအနေနဲ့ စာမျက်နှာသစ် ဖွင့်လွှင့်နိုင်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
ရုရှားနဲ့ မပြေလည်ချိန် ဖြစ်သလို တရုတ်နဲ့ တင်းမာမှု တိုးနေချိန်မှာ အမေရိကန်က အိန္ဒိယ ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တစ်ပိုင်းလျှပ်ကူးကိစ္စတွေ၊ အာကာသစူးစမ်းရေးတွေ၊ သန့်ရှင်းစွမ်းအင် ပြောင်းလဲ သုံးစွဲမှုတွေနဲ့ ကာကွယ်ရေးလုပ်ဆောင်ချက်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နှစ်နိုင်ငံက ဆိုထားပါတယ်။
Ref: Aljazeera
………………………………..
တိုင်တန်းနစ်သွား ရေငုပ်ယာဉ်ငယ် ပေါက်ကွဲပြီး ငါးဦးစလုံးသေဆုံးဟုထုတ်ပြန်

တိုက်တန်းနစ် သင်္ဘောပျက်ခဲ့တဲ့နေရာကို လေ့လာရေးခရီးထွက်ခဲ့တဲ့ တိုင်တန် (Titan) ခရီးသွား ရေငုပ်ယာဉ်ငယ်ဟာ တိုက်တန်းနစ် သင်္ဘောပျက်အနီးမှာပဲ ပေါက်ကွဲပြီး လူငါးဦးစလုံး သေဆုံးသွားကြပြီလို့ ကြေညာလိုက်ပါတယ်။
တိုင်တန်ခရီးသွားရေငုပ်ယာဉ်ဟာ ဇွန်လ ၁၈ ရက်နေ့မှာ ပင်လယ်ရေအောက်မှာ ပျောက်ဆုံးသွားခဲ့တာပါ။
တိုင်တန် ယာဉ်ငယ်ပေါ်မှာ ပါတဲ့ ၉၆ နာရီကြာခံမယ့် အောက်ဆီဂျင်ဓါတ်ငွေ့ဟာ ဇွန်လ ၂၂ ရက်နေ့မှာ ကုန်ဆုံးခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းကြားခဲ့ပြီးပြီလို့လည်း ဇွန်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူက ပြောကြားလိုက်တာပါ။
တွေ့ရှိရတဲ့ ယာဉ်ငယ်အပိုင်းအစတွေကို တွေ့ရှိပြီးနောက် ယာဉ်ငယ်ဟာ ပေါက်ကွဲပျက်စီးသွားပြီလို့ ထုတ်ပြန်လိုက်ပါတယ်။
ရေငုပ်ယာဉ်ငယ်ပေါ် ပါသွားတဲ့ ခရီးသည်လေးဦးနဲ့ မောင်းနှင်သူတစ်ဦး စုစုပေါင်းငါးဦးစလုံး သေဆုံးသွားပြီလို့ ယူဆရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: REUTERS
………………………………..
တရုတ်မှာ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် ၃၀ ကျော်သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက အသားကင်ဆိုင်တဆိုင်မှာ မီးဖိုချောင်သုံးဓာတ်ငွေ့အိုးတွေ အစုလိုက် အပြုံလိုက် ပေါက်ကွဲခဲ့လို့ လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
လူ အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးရဲ့ ဒဏ်ရာက စိုးရိမ်ရအခြေအနေမှာ ရှိနေခဲ့ပါတယ်။
Ningxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် Yinchuan မှာဖြစ်ပွားသွားခဲ့တာပါ။
ရိုးရာနင်္ဂါးလှေပြိုင်ပွဲအတွက် လူအများအပြား ရောက်နေချိန် ဇွန်လ ၂၁ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ နိုင်ငံပိုင်သတင်းဌာနကနေ ကြေညာခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ထိရောက်တဲ့ ကုသမှုတွေပေးဖို့၊ ဘေးကင်းလုံခြုံရေးကို စီမံကြဖို့ သမ္မတ ရှီကျင့်ဖျင့်ကလည်း ညွှန်ကြားထားပါတယ်။
Ref: CNN
………………………………..
အင်ဒိုနီးရှားမှာ လူကုန်ကူးမှု သံသယရှိသူ ၅၀၀ ခန့်ကို ဖမ်းဆီး

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၁၅၀၀ ကျော် လူကုန်ကူးခံခဲ့ရတဲ့ အမှုထဲ ပါဝင်ပတ်သက်သူတွေလို့ သံသယရှိတဲ့ လူ ၅၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အဆိုပါအရေအတွက်က ဒီလထဲ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်နေ့က ပြောကြားလိုက်တာပါ။
အရှေ့တောင်အာရှမှာ ရွှေ့ပြောင်းအလုပ်သမား အများဆုံးထွက်တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ လူကုန်ကူးမှုတွေကို အစိုးရက လိုက်လံ တိုက်ဖျက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာပဲ့ နိုင်ငံပြင်ပပို့ လူကုန်ကူးခံရမယ့်သူ ၁၅၅၃ ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
လူကုန်ကူးမှုတွေမှာ အဓိကပါဝင်ခဲ့တဲ့ လူ ၅ ဦးနဲ့ သံသယရှိသူ ၄၉၄ ဦးကို ဇွန်လ ၅ ရက်နေ့ ကနေ ၁၈ ရက်နေ့အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။
လူကုန်ကူးခံရသူ အများစုက အိမ်အကူတွေ၊ လိင်အလုပ်သမတွေအနေနဲ့ လူကုန်ကူးခံရတာဖြစ်ပြီး ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။
Ref: scandasia
………………………………..
ကျိုင်းကောင်တွေကြောင့် အာဖဂန်နစ္စတန်မှာ အငတ်ဘေးသင့်နိုင်

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ စိုက်ခင်းတွေကို ဖျက်ဆီးတဲ့ ကျိုင်းကောင် အန္တရာယ် ကျရောက်နေခဲ့ပါတယ်။
ကျိုင်းကောင်တွေကြောင့် တစ်နှစ်တာ အထွက်နှုန်းရဲ့ လေးပုံ တစ်ပုံနီးပါရှိတဲ့ ဂျုံတန်ချိန် ၁ ဒသမ ၂ သန်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ Save the Children အဖွဲ့ကနေ သတိပေး လိုက်ပါတယ်။
အခြေအနေက ပိုဆိုးလာနေလို့ သန်းနဲ့ချီတဲ့လူတွေဟာ အဆိုးရွားဆုံး အငတ်ဘေးသင့်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကမ္ဘာပေါ် မှာ ဖျက်အား အပြင်းဆုံး အပင်ဖျက် ပိုးတမျိုးဖြစ်တဲ့ မော်ရိုကိုကျိုင်းကောင်တွေဟာ အာဖဂန် နစ္စတန်ရဲ့ ပြည်နယ် ၈ ခုမှာ ပျံ့နှံ့နေတာပါ။
လူ ၁၅ သန်းကျော်ဟာ လာမယ့် ၅ လအတွင်း အဆိုးရွားဆုံး ငတ်မွတ် ခေါင်းပါးမှုဒဏ်နဲ့ ကြုံရနိုင်ပြီး ကပ်ဘေးအဆင့် သတ်မှတ်နိုင်တဲ့ အငတ်ဘေးကြီး ကြုံတွေ့ရနိုင်တယ်လို့ Save the Children က သတိပေးထားပါတယ်။
Ref: Save The Children
………………………………..
အိန္ဒိယ အပူလှိုင်း လူ ၁၀၀ ခန့် သေဆုံး

အိန္ဒိယနိုင်ငံမှာ အပူချိန် ပြင်းထန်တာကြောင့် လူဦးရေထူထပ်တဲ့ မြောက်ပိုင်း Utter Pradesh နဲ့ အရှေ့ဖက် Bihar ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲ လူ ၉၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
သေဆုံးသူအများစုဟာ အသက် ၆၀ အထက်တွေနဲ့ မူလကျန်းမာရေးပြဿနာရှိသူတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
အသက် ၆၀ အထက်နဲ့ ကျန်းမာရေးမသန်စွမ်းသူတွေက နေ့ပိုင်းအချိန်တွေ အမိုးအကာအောက်မှာပဲ နေကြဖို့ သတိပေးထားရပါတယ်။
Utter Pradesh ပြည်နယ်က မြို့တစ်မြို့မှာ သုံးရက်အတွင်း လူ ၄၀၀ ခန့် အပူချိန်ပြင်းလို့ ရခဲ့တဲ့ ရောဂါတွေနဲ့ ခရိုင်ဆေးရုံကို တင်ထားကြတယ်လို့ ကျန်းမာရေးဌာနက ဆိုထားပါတယ်။
ဆေးရုံပေါ်ရောက်လာသူ လူနာအများစုဟာ အသက် ၆၀ အထက်တွေဖြစ်ပြီး ကိုယ်အပူချိန်မြင့်မားတာ၊ အော့အန်တာ၊ ဝမ်းသွားတာ၊ အသက်ရှုရခက်ခဲတာနဲ့ နှလုံးနဲ့ပတ်သက်လို့ ရောဂါတွေနဲ့ ရောက်လာကြသူတွေ ဖြစ်ပါတယ်။
Ref: The Guardian
………………………………..
အခေါင်းထဲ အသက်ရှူနေသေးသည့် အီကွေဒေါအမျိုးသမီး တစ်ပတ်အကြာတွင် ကွယ်လွန်

အခေါင်းထဲမှာ အသက်ရှူနေသေးကြောင်း တွေ့ရှိခဲ့တဲ့ အီကွေဒေါအမျိုးသမီးကြီးဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၇ ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ မွန်တိုယာကို ဘာဘာဟိုယိုမြို့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြီးခဲ့တဲ့အပတ်ထဲ သေဆုံးပြီလို့ မှတ်ချက်ချခဲ့တာပါ။
သူ့ကို အခေါင်းထဲထည့်ပြီး ၅ နာရီအကြာ အဝတ်အစားလဲပေးဖို့ အခေါင်းပြန်ဖွင့်လိုက်ချိန် အသက်ရှူနေသေးတာကို တွေ့ရှိရပါတယ်။
နောက်တော့ ဆေးရုံပို့ဆောင်ခဲ့ပြီး အထူးကြပ်မတ်ဆောင်မှာ ကုသနေခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်နေ့မှာတော့ ဦးနှောက်သွေးကြောပေါက်လို့ မွန်တိုယာ သေဆုံးသွားပြီဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
Ref: BBC
………………………………..
ဖိလစ်ပိုင် ကူးတို့သင်္ဘောမီးလောင်မှု လူများအားလုံး ဘေးကင်း

ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လ ၁၈ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင် ကူးတို့သင်္ဘောပေါ်မှာ ပါလာတဲ့ လူ ၁၂၀ စလုံး ဘေးကင်းခဲ့ပါတယ်။
သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၆၅ ဦးနဲ့ သင်္ဘောဝန်ထမ်း ၅၅ ဦးစလုံးကို ကယ်တင်နိုင်ခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံက MV Esperanza Star ကူးတို့သင်္ဘောဟာ လာဇီဆိပ်ကမ်းကနေ တက်ဘီလာလမ်ဆိပ်ကမ်းကိုသွားစဉ် လမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တွေကို ကယ်တင်နိုင်ခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
Ref: CNN
………………………………..
ယူဂန်ဒါစာသင်ကျောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်အပါအဝင် အနည်းဆုံး ၄၀ ဦးသေဆုံး

ယူဂန်ဒါနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကျောင်းတကျောင်းကို အကြမ်းဖက် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
IS စစ်သွေးကြွနဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွအဖွဲ့ကနေ ဇွန်လ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ သေဆုံးသူ ၃၇ ဦးဟာ ကျောင်းသားကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
၅ ဦးဝန်းကျင်ရှိတဲ့ တိုက်ခိုက်သူတွေဟာ အဲဒီမြို့မှာ ၂ ရက်လောက် ကြိုရောက်နေကြတာပါ။
မူလတန်းကျောင်းတိုက်ခိုက်ခံရမှုမှာ ကျောင်းဆောင်တွေ မီးရှို့ခံခဲ့ရသလို အစားအသောက်သိုလှောင်ထားတာကိုလည်း ဖျက်ဆီးခိုးယူသွားကြတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
Ref: BBC
………………………………..
ရုရှားက နျူကလီယားလက်နက်တွေ ဘယ်လာရုစ်ကို ပို့ထား

ရုရှားက သူ့ရဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တွေကို ဘယ်လာရုစ်မှာ ချထားပြီး ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားလိုက်ပါတယ်။
မဟာဗျူဟာမြောက် နျူကလီယားမစ်ဇိုင်းဒုံးတွေကို ဘယ်လာရုစ်ကို ပို့ထားပြီးဖြစ်ပြီး ဒါဟာ ပထမအသုတ်ဖြစ်ကြောင်း ဆိုထားပါတယ်။
နွေရာသီအကုန် ဒါမှမဟုတ် ဒီနှစ်အကုန်လောက်မှာ အပြီးပို့နိုင်မယ်လို့ ရည်ရွယ်ထားတာပါ။
အခုအချိန်မှာ ရုရှားအတွက် နျူကလီယားလက်နက် မလိုသေးဘူးလို့လည်းပြောကြားထားပါတယ်။
တကယ်လို့ ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးဖို့ လုပ်မယ်ဆိုရင် ဒါက သတိပေးတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီပြောကြားချက်တွေနဲ့ ပက်သက်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ရှုတ်ချခဲ့ပါတယ်။
Ref: REUTERS
………………………………..