BREAKING
November 3, 2025

မြန်မာဘဏ်နှစ်ခုကို အမေရိကန်က အရေးယူလိုက်ပြီးနောက် ရွှေနှင့် ဒေါ်လာဈေး ခုန်တက်

June 23, 2023

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် အရေးယူပိတ်ဆို့လိုက်သည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။

အာဏာရှင်အဖွဲ့အစည်း(စစ်ကောင်စီ)က နိုင်ငံခြားမှ စစ်လက်နက်ပစ္စည်းဝယ်ယူရာတွင် အဆိုပါဘဏ်နှစ်ခုက အခရာကျနေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီအတွက် အခွန်ဘဏ္ဏာရှာဖွေပေးရာတွင်လည်း အဆိုပါဘဏ်နှစ်ခုက နိုင်ငံခြားဘဏ်စာရင်းများ အသုံးပြုပြီး နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ကာ စစ်ရေးကိစ္စများအတွက် ငွေကြေးအရင်းအမြစ်များ ပံ့ပိုးပေးနေကြောင်းဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်မထွက်မီကပင် အဆိုပါဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မည်ဆိုသည့် သတင်းထွက်လာပြီးနောက် အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့် ပြည်တွင်းရွှေဈေးက ခုန်တက်သွားသည်။

ယခုလ အစောပိုင်းက ပြည်တွင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ဖြင့် တောက်လျှောက်ငြိမ်နေရာမှ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့မည့်သတင်းထွက်သည့် ဇွန်လ ဒုတိယအပတ်မှစကာ ဈေးအလှုပ်အခတ်ဖြစ်လာသည်။

ဇွန်လ ၁၄ ရက်နေ့ ဝန်းကျင်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၁ သိန်းတိတိဖြင့် ဈေးဖွင့်လာခဲ့သည်။

ထိုနောက် တဖြည်းဖြည်းချင်းမြင့်တက်လာပြီး ဇွန်လ ၂၃ ရက်(ယနေ့)တွင်မူ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် ၃၁၆၀၀၀၀ ကျပ်(သုံးဆယ့်တစ်သိန်းခြောက်သောင်း)အထိ ဈေးတက်လာခဲ့သည်။

ထိုသို့ အခေါက်ရွှေဈေး ဆက်တိုက်တက်နေသည့်အတွက် မြိတ်မြို့ရှိ ရွှေဆိုင်အများစုတွင် ဇွန်လ ၂၂ ရက်နေ့မှစကာ အရောင်းအဝယ် ရပ်ထားကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်ဈေးကွက်တွင် ဇွန်လ ၂၂ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ်နှစ်သိန်း(၃၂၀၀၀၀၀၀) အထိ ဈေးဖွင့်ထားသည်။

“ရွှေဈေးတက်တော့ ရောင်းတဲ့သူတွေ တအားများလာနိုင်တယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး ခဏနားထားတာ” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရွှေဆိုင်အချို့တွင်မူ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ် လုပ်နေကြကြောင်း စုံစမ်းသိရသည်။

“ကြိုက်ရောင်း ကြိုက်ဝယ်ဈေးဆိုတာက ရွှေဆိုင်တွေဘက်က အသာချည်းပါ၊ သူတို့ကြိုက်တဲ့ ပေးတဲ့ဈေးနဲ့ အရောင်းအဝယ် လုပ်ကြတာကိုး” ‌ဟုလက်ဝတ်ရတနာဆိုင်တို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပြည်တွင်းရွှေဈေးတက်နေချိန် ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် နှစ်လတာကာလအတွင်း အနိမ့်ဆုံးဈေးဖြင့် အကျဘက်ရောက်နေသည်။

ပြည်တွင်းရွှေဈေး သုံးဆယ့်နှစ်သိန်းဈေးဖွင့်ထားချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၁၇ ဒေါ်လာသာ ပေါက်ဈေးရှိသည်။

ထို့အတူ အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ်စွန်းစွန်းပေါက်နေရာမှ အမေရိကန်အစိုးရက ထုတ်ပြန်ပြီးချိန်တွင်  ဈေးမြောက်သွားသည်။

ဇွန်လ ၂၃ ရက်နေ့ငွေလဲနှုန်းမှာ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး  တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်ကျော်ကျော် ဈေးပေါက်နေသည်။

ပြီးခဲ့သည့်အပတ်များကမူ တစ်ဒေါ်လာလျှင် ၂၉၀၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ထားခဲ့သည်။

လက်ရှိ ဘဏ်နှစ်ခုပိတ်ဆို့အရေးယူခံရသည့်ဂယက်ကြောင့် ကနဦးအနေဖြင့် ပြည်ပမှတင်သွင်းနေရသည့် ဓာတ်ဆီဈေးနှင့် စားသုံးဆီဈေး အဆမတန်တက်လာနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းမှ ကုန်သည်ကြီးတစ်ဦးက ဆိုသည်၊

“ချက်ချင်းထိခိုက်မယ့်ဟာက စက်သုံးဆီနဲ့ စားဆီပဲ။ ကျန်တာတွေကလည်း တဖြည်းဖြည်းချင်း ထိသွားမှာ”ဟု အဆိုပါ ကုန်သည်က ပြောသည်။

အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ရာတွင် အထက်ပါ ဘဏ်နှစ်ခုအပြင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန လည်း ပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့အပါအဝင် စစ်ကောင်စီတပ်မများ၊ လူပုဂ္ဂိုလ်နှင့်  ကုမ္ပဏီအချို့ကို အရေးယူပိတ်ဆို့ထားသည်။