တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မေလ ၂၂ ရက်က ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိကြောင်း ၎င်းတို့က ပြောသည်။
ထိုသို့ဗုံးမချမီ ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် စစ်ကောင်စီ ရိက္ခာကားသုံးစီးကို ရမ်းဖိုရွာအရောက်တွင် တနင်္သာရီပကဖ ဇုန် ၃ က တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
“သူတို့တက်လာမယ့်လမ်းကို သတင်းအရစောင့်ပြီး သွားပစ်တယ်။ အပြန်အလှန် ပစ်ခတ်တာက ၄၅မိနစ်လောက် ကြာတယ်။ ထိခိုက်မှုက မသိရသေးဘူး” ဟု တနသ်ာရီ ပကဖ ဇုန်၃ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ရမ်းဖိုရွာအနီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်သားများက မော်တုန်းရွာ စာသင်ကျောင်းနှင့် မော်တုန်းရွာ အနီးဝန်းကျင် နေရာအချို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မော်တုန်းရွာနေ ဒေသခံတစ်ဦးက ဆိုသည်။
“စာသင်ကျောင်းမှာ ဗုံးသုံးလုံးလာကျတယ်။ ကျောင်းတွေနဲ့ အနီးအနားကိုကျပြီး ထိခိုက်ပျက်စီးသွားတယ်။ ရွာသားတွေလည်း ထိတ်လန့်သွားကြတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်သည့် ရမ်းဖိုရွာနှင့် မော်တုန်းရွာကြားတွင် ကျေးရွာ ၆ရွာခန့် ရှိသေးသည်။
စစ်ကောင်စီ ရိက္ခာကားများမှာ တိုက်ခိုက်ခံရပြီးနောက် တနင်္သာရီမြို့နယ် သိန်ခွန်းရွာဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။