ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာတွင် ကော်သူးလေတပ်မတော်-KTLA ဆာကပေါတပ်မ တပ်ရင်း(၂)တပ်ခွဲ(၃)မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီး သေဆုံးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။
ယနေ့(မေ ၂၃) မနက်ပိုင်းတွင် တောင်သုံးလုံးရွာနှင့် မြေးခံဘော်ရွာသွားသည့်လမ်းကို တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဆိုင်ကယ်စီးပြီးဖြတ်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း တောင်သုံးလုံးရွာက ဒေသခံတစ်ဦးနှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။
“သူကတော့နေရာမှာပဲ ဆုံးတယ်လို့ပြောတယ်၊ သူ့တပည့်တစ်ဦးကတော့ အဆက်သွယ်မရဘဲ ပျောက်နေတယ်လို့ကြားတယ်” ဟု အရှေ့တောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။
ဗိုလ်နှင်းဆီသည် တောင်သုံးလုံးရွာဇာတိဖြစ်ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်ဖြင့်လာသည့် အဖွဲ့ဝင်အရေအတွက်ကိုမူ အတိအကျမသိကြောင်း တောင်သုံးလုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဗိုလ်နှင်းဆီသေဆုံးသည်မှာ မှန်ကန်ကြောင်း KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီးကလည်း အတည်ပြုပြောဆိုသည်။
“ဟုတ်ပါတယ် ကျွန်တော်လည်းအခုပဲသတင်းရတယ်၊ သူ့ဓာတ်ပုံတစ်ပုံသူများပို့ပေးတယ်” ဟု ဗိုလ်အယ်ခွီးက ဆိုသည်။
သို့သော် ပစ်ခတ်ခံရသည့်ဖြစ်စဉ်အသေးစိတ်ကိုမသိရသေးကြောင်း သူနှင့်အတူ ဘယ်နှစ်ယောက်ပါသည်ကို မသိကြောင်း ၎င်းကဆိုသည်။
ဗိုလ်နှင်းဆီသေဆုံးမှုနှင့်ပတ်သက်ပြီး ဆာကပေါတပ်မ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို Dawei Watch က စာဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။