BREAKING
May 23, 2025

ထားဝယ်တွင် သွေးအလှူရှင်အဖွဲ့ငါးဖွဲ့ပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ဖွဲ့စည်း

May 23, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သွေးအလှူရှင်အသင်းများကွန်ရက်ထံမှ သိရသည်။

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။

မသမာနည်းနှင့် အသုံးချပြီး သွေးလိုအပ်သည့် လူနာများအပေါ် အခကြေးငွေယူကာ ခေါင်းပုံဖြတ်ခြင်းများကို လုပ်ဆောင် နေသည့် အဖွဲ့အစည်းရှိလာခြင်းကြောင့် အားလုံးစုစည်းကာ မူတစ်ခုချမှတ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သွေးအလှူရှင်များအသင်းကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းက ပြောသည်။

“အဓိက ပြီးခဲ့တဲ့အပတ် လူမှုကွန်ရက်မှာရော သတင်းမီဒီယာမှာပါ ဒီကိစ္စပါလာတော့ မြို့ထဲမှာ ပွတ်လောရိုက်သွားတယ်။ မိတ်ဖက်အသင်းတွေကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခု လုပ်ကြရအောင်ဆိုပြီး ပြောလာလို့ တိုင်ပင်ဆွေးနွေးပြီး အခုလို ကွန်ရက်ဖွဲ့ လိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ကွန်ရက်ဝင် သွေးအလှူရှင်အဖွဲ့ဦးဆောင်သူများအနေဖြင့် လူနာဘက်က စေတနာအလျောက် လှူဒါန်းသည့် ငွေကြေးကို လက်ခံခြင်းမှအပ မည်သည့်အခကြေးငွေမျှ မတောင်းခံရန် ကြီးကြပ်ပေးရမည်ဟု သဘောတူခဲ့ကြကြောင်း အထက်ပါ ဦးတင်ဝင်းက ဆိုသည်။

ကွန်ရက်အဖွဲ့ဝင် သွေးအလှူရှင်အဖွဲ့များ သွေးအတွက် အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံပါက သွေးအလှူရှင် အသင်းများကွန်ရက်၏ ဖုန်းနံပါတ်များဖြစ်သော ၀၉ ၇၇၇၇၈၂၇၇၁ နှင့် ဖုန်းနံပါတ် ၀၉ ၄၂၂၂၂၅၄၂၇ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် တစ်နှစ်ခန့်ကစပြီး သွေးလိုအပ်သည့် လူနာရှင်များကို ပစ်မှတ်ထား ချိတ်ဆက် ငွေကြေး တောင်းခံသည့် အဖွဲ့တစ်ဖွဲ့ပေါ်လာသည်။ အဆိုပါအဖွဲ့သည် အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံများအနီးဝန်းကျင်တွင် ကျက်စားလေ့ရှိကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး Dawei Watch မေလ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါသတင်းကို https://www.daweiwatch.com/15/05/2025/112040/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။