လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ အင်းဝန်းရွာကို မေလ ၁၆ရက်မှာ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးမီးလောင်ခဲ့သလို အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ်ကိုအခြေခံပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “နေပြည်တော်” ၊ “Truth Media” တို့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ ကားတစ်စီးမီးလောင်ပြီး PDF ခေါင်းဆောင်တစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး ဆယ်ဦး ဒဏ်ရာရတယ်လို့ မေလ ၂၀ရက်ကစပြီး ဖြန့်ချိနေပါတယ်။
အဲဒီဖော်ပြချက်နဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ရွာသားတွေ ထိခိုက်သေဆုံးမှုကို PDF တွေ ထိခိုက်တာဆိုပြီး ပုံဖော်သတင်းအမှား ဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
Subscriber ပြုလုပ်ထားသူ သုံးသောင်းခွဲကျော်ရှိတဲ့ နေပြည်တော်ချန်နယ်ရဲ့ ဖော်ပြချက်ကို မြင်တွေ့ပြီးသူ ရှစ်ထောင့်ငါးရာ ကျော်၊ Reaction ပြုလုပ်ထားသူ တစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
နောက်ထပ်အလားတူ ဆက်စပ်သတင်းအမှား link နှစ်ခုဖြစ်တဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ် ။
အင်းဝန်းရွာမှာ ဘာတွေဖြစ်ခဲ့လဲ
စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အင်းဝန်းရွာမှာ မေလ ၁၆ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်လို့ ကားတစ်စီးမီးလောင်ခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး Dawei Watch က သတင်းတွေ ဖော်ပြထားပါတယ်။
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကျောင်း (နတလ ကျောင်း) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အင်းဝန်းရွာမှာ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက Dawei Watch ကို ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်မှုမှာ အင်းဝန်းရွာထိပ်မှာရှိတဲ့ အလူမီနီယံဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီဆိုင် အနီးက ကွမ်းယာဆိုင်ရာမှာ ကွမ်းလာဝယ်သူနှစ်ဦးနဲ့ ကွမ်းယာဆိုင်ရှင် သုံးဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ အဲဒီထဲက ကွမ်းယာလာဝယ်တဲ့ သာယာကုန်းရွာသား ကိုဗဒင် သေဆုံးပြီး အင်းဝန်းရွာသား ကွမ်းယာဆိုင်ရှင် ကိုနိုင်စိုးနဲ့ ကွမ်းယာလာ ဝယ်နေသူ သောကြာပြင်ရွာသားတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။
အထက်ဖော်ပြပါ အကြောင်းအရာတွေနဲ့ပတ်သက်လို့ Dawei Watch က သတင်းနှစ်ပုဒ် ဖော်ပြထားတာရှိပါတယ်။ အောက်ဖော်ပြပါ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာ ကြည့်နိုင်ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေရဲ့ဖော်ပြချက် ဘာတွေမှားနေလဲ
လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာမှာ မေလ ၁၆ ရက်က PDF တွေ စုဝေးရောက်ရှိနေတယ်ဆိုပြီး ပြည်သူတစ်ဦးနဲ့ အလင်းဝင် PDF တစ်ဦးရဲ့ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ ကားခေါင်းခန်းထဲ ထိုင်နေတဲ့ PDF ခေါင်းဆောင် အပါအဝင် လေးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်တွေက ရေးသားဖြန့်ချိခဲ့ကြပါတယ်။ ဒါ့အပြင် သေဆုံးသွားသူ လေးဦးကို သာယာကုန်းရွာ အနောက်ဘက်ကို သယ်ဆောင်သွားတယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။
အဲဒီချန်နယ်တွေရဲ့ဖော်ပြချက်မှာ မြေပြင်ဖြစ်ရပ်နဲ့ ပထမဆုံးကွဲလွဲနေတာက တည်နေရာပါ။ ဖြစ်စဉ်ဖြစ်တဲ့နေရာဟာ အင်းဇောက်ရွာမဟုတ် အင်းဝန်းရွာမှာဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်။ တယ်လီဂရမ်ချန်နယ်တွေက အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို စိစစ်ကြည့်ရာမှာလည်း အင်းဝန်းရွာဖြစ်စဥ်က ပုံတွေပဲ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
အင်းဇောက်ရွာနဲ့ အင်းဝန်းရွာကြားမှာ ပန်းဒလဲ၊ ကြေးနုတ်ပြင်၊ ရွာဟောင်းဝ၊ တလိုင်းမော်၊ မင်းရပ်၊ ထိန်လယ်၊ သာယာကုန်းစတဲ့ ကျေးရွာ ခုနှစ်ရွာခြားပါတယ်။ မြေပုံမှာ ကြည့်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ ကားခေါင်းခန်းထဲမှာ PDF ခေါင်းဆောင်အပါအဝင် လေးဦးသေဆုံးတယ်ဆိုတဲ့ ဖော်ပြချက်ပါ။ အင်းဝန်းရွာဖြစ်စဉ်မှာ ကားတစ်စီးပေါ် ကျရောက်ပေါက်ကွဲ မီးလောင်တာရှိခဲ့ပေမယ့် ကားထဲမှာ လူသေဆုံးတာ မရှိဘူးလို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ လူသေဆုံးထိခိုက်ဒဏ်ရာရတာတွေဟာ ကွမ်းယာဆိုင်မှာ ရှိနေသူတွေ ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒါ့အပြင် မီးလောင်ခဲ့တဲ့ ကားဟာလည်း ဖြစ်စဉ်ဖြစ်ပွားရာအနီးမှာရှိတဲ့ အလူမီနီယံဆိုင်ရဲ့ ကားဖြစ်တယ်လို့ အင်းဝန်းရွာသားတစ်ဦးက ပြောဆိုပါတယ်။
သေဆုံးဒဏ်ရာရစာရင်းလည်း ကွဲလွဲနေပါတယ်။ ဝါဒဖြန့်ချန်နယ်တွေမှာ လေးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ ဖော်ပြကြပေမယ့် အင်းဝန်းရွာသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို အတည်ပြုရာမှာတော့ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ နှစ်ဦး ရှိခဲ့တယ်လို့ပဲ သိရပါတယ်။
နောက်တစ်ချက်က သေဆုံးသွားသူလေးဦးကို သာယာကုန်းရွာ အနောက်ဘက်ကို သယ်ဆောင်သွားတယ်ဆိုတဲ့ ဖော်ပြချက် ပါ။ ဒီအကြောင်းအရာကို စိစစ်ကြည့်ရာမှာလည်း ဖြစ်စဉ်မှာ ထိခိုက်သူ သုံးဦးစလုံးကို ထားဝယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ် ဆိုတာ တွေ့ရပါတယ်။ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာကို ထားဝယ်မြို့ခံ လူနာတင်ယာဥ်အသင်းရဲ့ မှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ဒဏ်ရာရသူထဲက တစ်ဦးဟာ ဆေးရုံအရောက်မှာ ဆုံးသွားပြီး နောက်နှစ်ဦးက ဆက်လက်ဆေးကုသမှု ခံယူနေရတယ် ဆိုတာကို မိသားစုနဲ့ နီးစပ်သူတွေဆီကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ သာယာကုန်းရွာသား သေဆုံးသူ ကိုဗဒင်ရဲ့ ရုပ်အလောင်းကိုတော့ ရွာသို့ပြန်သယ်ပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF တွေ စုဝေးရောက်ရှိနေတဲ့အချက်ကလည်း မမှန်ကန်ဘူးလို့ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ အင်းဝန်း ရွာသားတစ်ဦးက ပြောဆိုပါတယ်။ အဲဒီအချိန်က ကွမ်းယာဆိုင်မှာ ဆိုင်ရှင်နဲ့ ကွမ်းယာဝယ်သူ နှစ်ဦးပဲရှိနေပြီး လူစုလူဝေးလုပ်တာ မရှိတဲ့အပြင် လမ်းသွားလမ်းလာတွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“လူမရှိတဲ့အချိန်မှာ ဖြစ်လို့ပေါ့ ဒီလောက်ပဲ ထိခိုက်တာ။ လူစုလူဝေးဖြစ်ပြီး လူရှိနေချိန်ဆို အများကြီးသေမှာပေါ့” လို့ အထက်ပါဒေသခံက ပြောပါတယ်။
သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး စိစစ်ကြည့်ရာမှာတော့ သေဆုံးသူ ကိုဗဒင်ဟာ မြေအရောင်းအဝယ် လုပ်သူ ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတချို့ဆီကနေ သိရပါတယ်။ ဒဏ်ရာရသူထဲက အင်းဝန်းရွာသား ကိုစိုးနိုင်ဟာလည်း ကွမ်းယာဆိုင်ဖွင့် ရောင်းချနေသူဖြစ်ပြီး ဒဏ်ရာရသူ နောက်တစ်ဦးကတော့ ကိုဗဒင်ရဲ့ မိတ်ဆွေ ကမြောရွာသားဖြစ်တာကို တွေ့ရပါတယ်။
စိစစ်တွေ့ ချက်နှင့် သုံးသပ်ချက်
မေလ ၁၆ရက်က အင်းဝန်းရွာကို စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေရဲ့ ဖော်ပြချက်မှာ မြေပြင်မှာ အမှန်တကယ်ဖြစ်ပွားတာနဲ့ ကွဲလွဲမှုတွေများစွာရှိနေပါတယ်။ ဒါ့အပြင် သေဆုံးဒဏ်ရာရသူတွေကို PDF ဆိုပြီး အလွယ်တကူ တံဆိပ်ကပြီး စစ်ကောင်စီက အရပ်သားပြည်သူကို တိုက်ခိုက်တာမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေကိုပဲ တိုက်ခိုက်တာဖြစ်တယ်ဆိုပြီး ပုံဖော်တာမျိုးတွေ့ရပါတယ်။
အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။