ထားဝယ်မြို့၊ အိမ်ဆောက်ပစ္စည်းစျေးကွက်တွင် မေလ ဒုတိယအပတ်ကစပြီး ဘိလပ်မြေပြတ်လပ်နေကြောင်း အိမ်ဆောက်ပစ္စည်းရောင်းသူများနှင့် ဆောက်လုပ်ရေးလုပ်နေသူများထံမှ သိရသည်။
ပြည်တွင်းထုတ်ဘိလပ်မြေများကို ကုန်းလမ်းဖြင့် ထားဝယ်ခရိုင်သို့ တင်သွင်းလေ့ပြီး ထိုင်းထုတ် ဘိလပ်မြေများကို ရေလမ်းကြောင်းဖြင့် တင်သွင်းလေ့ရှိသည်။
သို့သော် ယခုနှစ်ဆန်းပိုင်းမှာ စတင်ကာ ပြည်တွင်းထုတ် ဘိလပ်မြေများ ဝယ်ရခက်ခဲသဖြင့် ပြည်ပက ဘိလပ်မြေကိုသာ အားကိုးနေရကြောင်း စျေးကွက်အတွင်းက သိရသည်။
ပြည်တွင်း ဘိလပ်မြေစက်ရုံတည်ရှိသော နေရာများတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ ကုန်ကြမ်းမလုံလောက်ခြင်းတို့ကြောင့် ဘိလပ်မြေထုတ်လုပ်မှု လျော့ကျနေပြီး ငလျင်ဘေးကြောင့်လည်း ဘိလပ်မြေလိုအပ်ချက်မြင့်မားက ပြည်တွင်း စျေးကွက်တွင် ဘိလပ်မြေ ဝယ်ယူရခက်ခဲ့နေကြောင်း စျေးကွက်အတွင်းက စုံစမ်းသိရသည်။
ပြည်တွင်းဘိလပ်မြေ ရရှိရန် ခက်ခဲနေချိန် ပြည်ပမှ ထားဝယ်ခရိုင်သို့ တင်သွင်းသည့် ဘိလပ်မြေကိုလည်း စစ်ကောင်စီက တစ်လတစ်ကြိမ် တင်သွင်းခွင့်ပြုထားသဖြင့် လုံလောက်ခြင်း မရှိဘဲ ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ အိမ်ဆောက်ပစ္စည်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“အခုလဆန်းမှာ သင်္ဘောတစ်ကြိမ်ဝင်ပြီးပြီ။ အဲဒီတစ်ခေါက်ဝင်ထားတဲ့ ဘိလပ်မြေက စျေးကွက်မှာ ရောင်းကုန်သွားလို့ အခုလိုပြတ်သွားတယ်။ တင်သွင်းတာနဲ့ သုံးတာ မလောက်မငဖြစ်နေတယ်။ အစက ရေလမ်းတစ်လှည့် ကုန်းလမ်းတစ်လှည့် သွင်းနေတော့ မသိသာဘူး။ ကုန်လမ်းက မသွင်းတော့တာကြာပြီ။ ဘိလပ်မြေသင်္ဘောနောက်တစ်ခေါက်ကတော့ နောက်လမှ ရမယ်။ ကြားထဲမှာတော့ လာဖို့မသေချာဘူး” ဟု ထားဝယ်မြို့က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ ဆောက်လုပ်ဆဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့တွင်လည်း ဘိလပ်မြေ အခက်အခဲဖြစ်နေ၍ လုပ်ငန်း ခေတ္တရပ်နားထားကြသူများရှိသလို လုပ်ငန်းလည်ပတ်မှု လုံးဝ မရပ်ဆိုင်းရန် ချိန်ဆလုပ်ကိုင်နေသူများလည်း ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုသည်။
“ကျွန်တော်တို့ဆီမှာဆိုရင် လုပ်ငန်းခွင်လည်ပတ်ပြီး အလုပ်သမားတွေ နားနေရတာမျိုး မဖြစ်အောင် လုပ်ငန်းခွင်တစ်ခုကို ငါးအိတ်နှုန်းနဲ့ လက်ကျန်ရှိတဲ့အထဲ ပြန်မျှပြီးခွဲတမ်းချနေရတယ်။ ဘိလပ်မြေက တစ်မြို့လုံး ဘယ်မှာမှ ဝယ်မရဘူး” ဟု ထားဝယ်မြို့ခံ ဆောက်လုပ်ရေး ကန်ထရိုက်တစ်ဦးက ပြောသည်။
ဘိလပ်မြေ မပြတ်လပ်မီ အထိ ထားဝယ်စျေးကွက်တွင် ဆင်တံဆိပ်ဘိလပ်မြေ တစ်အိတ်လျှင် သုံးသောင်းရှစ်ထောင်ကျပ် နှင့် ကြံတံဆိပ်ဘိလပ်မြေတစ်အိတ်လျှင် သုံးသောင်း နှစ်ထောင် ကျပ် စျေးရှိခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည် ။
လက်ရှိအချိန်တွင် ဆင်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ် လေးသောင်းခွဲ ပေးသော်လည်း ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဆောက်လုပ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။
ဘိလပ်မြေစျေး အတက်အကျမတည်ငြိမ်သဖြင့် ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်အချို့တွင် သင်္ကြန်ကာလ မတိုင်မီကတည်းက ဘိလပ်မြေ အရောင်းရပ်နားထားကြကြောင်း စျေးကွက်အတွင်းမှ သိရသည် ။
မြိတ်နှင့် ကော့သောင်းမြို့များတွင် ဘိလပ်မြေကို ရေလမ်းမှတင်သွင်းကာ လိုအပ်သလောက်ဝယ်ယူ၍ရနေဆဲဖြစ်ပြီး သင်္ကြန်ကာလနောက်ပိုင်းတွင် မြိတ်မြို့၌ ဘိလပ်မြေစျေး အနည်းငယ်တက်သွားကြောင်း မြိတ်မြို့ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။