အစိုးရဘဏ္ဍာငွေများကို ဆုံးရှုံးနစ်နာစေခဲ့မှုကြောင့် ဘတ်ငွေ ၁၀ ဘီလီယံကျော် (ဒေါ်လာ ၃၀၅ သန်းကျော်) လျော်ကြေး ပေးဆောင်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှာနာဝပ်ထရာအား ထိုင်းတရားရုံးတစ်ခုက မေလ ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်သည်။
၎င်းဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က လယ်သမားများအတွက် ဆန်စပါး အမတော်ကြေးစီမံကိန်းတွင် အစိုးရဘဏ္ဍာငွေများစွာဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ တရားရုံးက မေလ ၂၂ရက်တွင် ယင်းသို့အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းသည် ယင်လပ်ရှာနာဝပ်ထရာ၏ ဖွေထိုင်းပါတီအား ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရစေခဲ့သည့် အထင်ကရ မူဝါဒတစ်ခု ဖြစ်သည်။
ကျေးလက်နေလယ်သမားများကို ထောက်ပံ့ရန် ရည်ရွယ်ခဲ့သည်ဟုဆိုသော အဆိုပါ စီမံကိန်းကြောင့် အစိုးရ ဘဏ္ဍာငွေများစွာ ပြုန်းတီးဆုံးရှုံးစေခဲ့ကြောင်း ဆိုသည်။
ယင်းစီမံကိန်းအရ ယင်လပ်အစိုးရသည် ထိုင်းလယ်သမားများအား ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးထက် တစ်ဝက်ပိုပေးကာ ဆန်စပါးများ ဝယ်ယူခဲ့ရာ နိုင်ငံ့ဘဏ္ဍာငွေအပေါ် ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
ဆန်စပါးများကို သိုလှောင်ထားကာ နောက်ပိုင်းတွင် ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အခြားသော ဆန်စပါးတင်ပို့ရောင်းချသည့် ကမ္ဘာ့နိုင်ငံများက ယှဉ်ပြိုင်မှုရှိသည့် ဈေးနှုန်းဖြင့် ရောင်းချကာ ကမ္ဘာ့ဆန်စပါးဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းကြောင့် ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်စပါးတင်ပို့မှုအများဆုံး နိုင်ငံအဖြစ်မှ လျော့ကျခဲ့သည်။
ထိုင်းအစိုးရ ဆန်စပါးသိုလှောင်ရုံများတွင် ဆန်စပါးတန်ချိန်သန်းပေါင်းများစွာ ရောင်းမထွက်နိုင်ဘဲ ကျန်ရှိနေခဲ့သည်။
အဆိုပါ စီမံကိန်းအတွင်း အကျင့်ပျက်ခြစားမှုများကို တားဆီးရန် ပျက်ကွက်ခဲ့မှုဖြင့် တရားရုံးက ယင်လပ်အား ၂၀၁၇ ခုနှစ်တွင် ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခဲ့သည်။ ယင်းအတိုင်မီ ၂၀၁၆ တွင်လည်း ၃၅ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့်) လျော်ကြေးပေးရန် အမိန့်ချခဲ့သေးသည်။
၂၀၁၆တွင် ချမှတ်ခဲ့သည့် အမိန့်ကို မေလ ၂၂ ရက် ကြာသပတေးနေ့ တရားရုံးဆုံးဖြတ်ချက်က ပြင်ဆင်ပြောင်းလဲ ချမှတ်လိုက်သည်။
ယင်လပ်သည် ပြည်ပသို့ ဆန်စပါးတင်ပို့မှုတွင် မဆင်မခြင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွင်း အကျင့်ပျက်ခြစားမှုများ တားဆီးရေး သတိပေးချက်များကို လျစ်လျူရှုခဲ့သည်ဟု တရားရုံးက ဆိုသည်။
ကြာသပတေးနေ့ တရားရုံးဆုံးဖြတ်ချက်အရ ယင်လပ်သည် စီမံကိန်းကြောင့် ပြုန်းတီးဆုံးရှုံးခဲ့ရသည့် အစိုးရဘဏ္ဍာငွေ ခန့်မှန်းခြေ ဘတ် ၂၀ ဘီလီယံကျော် (ဒေါ်လာ ၆၀၈ သန်းကျော်) ၏ တစ်ဝက် ဘတ် ၁၀ ဘီလီယံကျော်ကို ထိုင်းအစိုးရသို့ လျော်ကြား ပေးဆောင်ရမည်ဖြစ်သည်။
ထိုင်းအစိုးရဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဘတ် ၃၅ ဒသမ ၇ ဘီလီယံ လျော်ကြေးပေးရန် ၂၀၁၆ က တရားရုံးဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ကာ ဘတ် ၁၀ ဘီလီယံသာ ပေးဆောင်ရန် ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အကျင့်ပျက်ခြစားမှုများတွင် ယင်လပ်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို သက်သေအထင်အရှား မပြနိုင်ခြင်းကြောင့် ယင်းသို့ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု တရားရုံးက ဆိုသည်။
ယင်လပ်၏ ရှေ့နေဖြစ်သူ Norrawit Larlaeng က ပြန်လည်ကြားနာစစ်ဆေးမှု ရရှိရန် ကြိုးပမ်းလျက် ရှိသည်။
ယင်လပ်အစိုးရသည် သိုလှောင်ရုံများတွင် ကျန်ရှိနေခဲ့သည့် ဆန်စပါးများကို ဘတ်ငွေ ၂၀၀ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၀၈ ဘီလီယံ) ဖိုး ထုတ်ရောင်းနိုင်ခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယင်းတန်ဖိုးသည် ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းသည့် ဘဏ္ဍာငွေနစ်နာပြုန်းတီးမှုအားလုံးကို ကာမိစေသည်ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သည့် ယင်လပ်ရှင်နာဝပ်ထရာသည် ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
၎င်း၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံလိုက်ရပြီးနောက် ငါးနှစ်အကြာတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ယင်လပ်ကိုယ်တိုင်သည်လည်း ၂၀၁၄ စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံလိုက်ရသည်။
၂၀၁၇ ခုနှစ်တွင် သူမအား တရားရုံးက ထောင်ဒဏ် မချမှတ်မီအချိန်တိုအတွင်း နိုင်ငံပြင်ပသို့ ထွက်ပြေးသွားခဲ့သည်။ ထိုအချိန်မှစ၍ လက်ရှိအချိန်အထိ ပြည်ပ၌သာ နေထိုင်လျက်ရှိသည်။
Source: Reuters ၊ AP