သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ သရက်နှစ်ခွတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မေလ ၂၂ ရက်က လူငယ်အမျိုးသားသုံးဦး ရိုက်နှက်စစ်ဆေးခံရပြီး ယင်းအနက်တစ်ဦးမှာ ဖမ်းဆီးခံထားရကြောင်း ဒေသခံအချို့က ပြောသည်။
သင်းကျွန်းရွာသား လူငယ်သုံးဦးသည် ပိန်းတောကျေးရွာ မင်္ဂလာဆောင်ပွဲက ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လာချိန် ယင်းသို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း သင်းကျွန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဆိုင်ကယ်နှစ်စီးအနက် တစ်စီးတွင်မူ လူငယ်အမျိုးသားနှစ်ဦး အတူစီးလာသဖြင့် ခေါ်ယူရိုက်နှက်စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ဖုန်းများကို စစ်ဆေးပြီးနောက် လူငယ်တစ်ဦးကိုမူ ပြန်မလွှတ်ဘဲ ဆက်လက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။ ဖုန်းတွင် မည်သည့်အကြောင်းအရာများ တွေ့ရှိသည်ကိုမူ မသိရသေးပေ။
ရိုက်နှက်စစ်ဆေးခံရသည့် လူငယ်များမှာ အသက် ၂၀ ကျော်နှင့် ၃၀ ကြားအရွယ်များဖြစ်ပြီး ရပြန်လည် လွတ်မြောက် လာသည့် လူငယ်နှစ်ဦးမှာ သွေးထွက်သံယိုဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
စစ်ကောင်စီတပ်၊ ဂိတ် နှင့် ဌာနဆိုင်ရာရုံး စသည်တို့ကို ဆိုင်ကယ်စီးနင်း အသုံးပြုကာ လာရောက်တိုက်ခိုက်မှုများ မကြာခဏရှိသဖြင့် ထားဝယ်ခရိုင်တွင် ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦးအတူ စီးနင်ခွင့်ပိတ်ပင်ထားသည်။