ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသူကျောင်းသားများ လက်ခံခွင့်ကို ထရမ့်အစိုးရက မေလ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည်။
ယင်းမှာ ထရမ့်အစိုးရ၏ ဖိအားပေးတောင်းဆိုချက်များကို တက္ကသိုလ်ဘက်က လိုက်လျောလာစေရန် နောက်ထပ်တိုးမြှင့် ဖိအားပေးမှုတစ်ခု ဖြစ်ကြောင်း The New York Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထရမ့်အစိုးရတောင်းဆိုသော နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ၏ အကျင့်စာရိတ္တ မှတ်တမ်းအား လွှဲပြောင်းပေးရန် ဟားဗတ်တက္ကသိုလ်ဘက်မှ ငြင်းဆန်သည့်အတွက် Harvard’s Student and Exchange Visitor Program (SEVP) ကို ရပ်ဆိုင်းရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟားဗတ်တက္ကသိုလ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ နိုင်ငံတကာကျောင်းသားသစ်များကို လက်ခံနိုင်တော့မည် မဟုတ်ဟု အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတက်ရောက်နေသည့် နိုင်ငံတကာကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံ၌ တရားဝင်ဆက်လက်နေထိုင်ခွင့်အတွက် ပြောင်းလဲရမည်ဖြစ်ပြီး မပြောင်းလဲပါက နေထိုင်ခွင့်ဆုံးရှုံးနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တက္ကသိုလ်ကျောင်းသားဦးရေ လေးပုံတစ်ပုံခန့်ကို ထိခိုက်စေနိုင်သည့် ယခု ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက ဟားဗတ်သို့ အကြောင်းကြားထားသည်ဟုလည်း ဆွေးနွေးညှိနှိုင်းမှုများကို သိရှိသူများက ပြောသည်။
ယခုလုပ်ရပ်သည် အမေရိကန်၏ သက်တမ်းအရင့်ဆုံးနှင့် အချမ်းသာဆုံး တက္ကသိုလ်တစ်ခုအတွက် အရေးပါသော ဘဏ္ဍာငွေရင်းမြစ်ကို ပစ်မှတ်ထားပြီး သမ္မတထရမ့်၏ အစီအစဉ်များကို လိုက်နာရန် ဖိအားပေးခြင်းဖြစ်သည်။
Source: The New York Times ၊ AP