BREAKING
May 23, 2025

ရခိုင်တွင် လူငယ်များ AAထံ စစ်မှုထမ်းရမည်၊ စစ်မှုထမ်းအကျုံးဝင်သူများကို ပြည်နယ်ပြင်ပထွက်ခွင့်ပိတ်

May 23, 2025

ပုံစာ - AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း) ဓာတ်ပုံ - AA

အာရက္ခတပ်တော်တွင် လူငယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၁၈နှစ်မှ ၄၈နှစ်အထိ လူငယ်၊ လူတ်ပိုင်းများကို ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်တားမြစ်ကြောင်း AA က မေလ ၂၂ ရက်ညတွင် ထုတ်ပြန်သည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ယင်းပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်တွင် လူငယ်၊ လူလတ်ပိုင်းများ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၁၈နှစ်မှ ၂၅နှစ်အထိ အမျိုးသမီးများ၊ အသက် ၁၈နှစ်မှ ၄၅နှစ်အထိ အမျိုးသားများမှာ AA ထံတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း ဆိုသည်။

စစ်မှုထမ်းရန်အကျုံးဝင်သူများ စစ်မှုမထမ်းလိုသဖြင့် ပြည်နယ်ပြင်ပသို့ ထွက်ခွာရန် ကြိုးပမ်းမှုများရှိလာသောကြောင့် ယခုကဲ့သို့ ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

AA က ကျန်းမာရေးဌာနက ကုသမပေးနိုင်သည့် ပြင်းထန်ရောဂါခံစားနေရသော လူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများကိုသာ ထွက်ခွာခွင့်ပြုမည်ဟု ဆိုသည်။

စစ်မှုထမ်းအကျုံးဝင်သူများကို ကုန်လမ်း၊ ရေလမ်းတို့က အခကြေးငွေဖြင့် သယ်ယူပို့ဆောင်သူများ၊ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရာတွင် လူပိုခေါ်ဆောင်ခြင်း၊ လူကယ်ရီပို့ခြင်းတို့ လုပ်ဆောင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေး ထားသည်။

ယခုတားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းလျှင် ထပ်မံအသိပေးမည်ဟု ဆိုသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို AA က ပြဋ္ဌာန်းထားသည်ဆိုသော်လည်း လူငယ်များ စစ်မှုထမ်းရမည့်ကိစ္စနှင့်ပတ်သက်၍ AA က ပြည်သူလူထုကို တိတိကျကျ ထုတ်ပြန်အသိပေးထားခြင်းမျိုး မတွေ့ရသေးပေ။

ပြီးခဲ့သည့် လပိုင်းအတွင်းကပင် ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာသည့် ရခိုင်လူငယ်များကို AA က ဖမ်းဆီးခြင်း၊ ထွက်ခွာခွင့်မပြုဘဲ ပြန်လှည့်ခိုင်းခြင်းများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းတစ်ရပ်၏ ဖော်ပြချက်နှင့် ဒေသခံအချို့ထံမှ သိရသည်။