BREAKING
May 23, 2025

မြိတ်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး

May 23, 2025

ပုံစာ - ရေနစ်သည့် ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်နေစဥ်။ ဓာတ်ပုံ - ကရုဏာနာရေးကူညီမှုအသင်း ။

မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် မေလ ၂၂ ရက် ညနေပိုင်းက အသက် ၁၀နှစ်ကျော်အရွယ် ယောင်္ကျားလေးတစ်ဦး ရေနစ်သေဆုံးကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

လှေကမ်းကပ်သည့် တံတားပေါ်မှ ခြေချော်ပြုတ်ကျ ရေနစ်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည် ။

“ကလေးက မိဘတွေနောက်လိုက်သွားရင်း တံတားပေါ်က ချော်ပြီးပြုတ်ကျတာမျိုးပါ။ တံတားအငယ်လေးပဲ။ ရေနစ်တာ ဘယ်လောက်ကြာလဲတော့မသိဘူး။ ကျွန်တော်တို့ရောက်တာကတော့ ညနေ ၆နာရီလောက်ရောက်သွားပြီး ဆေးရုံပို့ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ရေနစ်သည့်ကလေးအား မြိတ်မြို့ဆေးရုံကြီးသို့ ကရုဏာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ပြီးနောက် စစ်ဆေးစဥ် အသက်မရှိတော့သဖြင့် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ကလည်း မြိတ်မြို့နယ်၊ မော်တောင်ရွာတွင် ငါးသွားဖမ်းသည့်အမျိုးသားတစ်ဦး လှေပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့သည်။