ပုလောမြို့နယ် ပလောက်မြို့အနီး ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာတွင် ယနေ့ ဧပြီလ ၂၃ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
ပလောက်မြို့ကို ကာကွယ်ရန် ဘုရင့်တောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဆင်ထိုးကြီးရွာသို့ စစ်ကြောင်း ထိုးလာသဖြင့် ဆင်ထိုးကြီးရွာတွင် တပ်စွဲထားသည့် KNLA တပ်ရင်း ၁၂ တပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“မနေ့ကတည်းက ဘုရင့်တောင်ဘက်မှာ စကစတပ်တွေ ပျောက်သွားတယ်တဲ့။ ဒီနေ့မနက် ဆင်ထိုးကြီးဘက်ကို တိုးလာတော့ KNLA နဲ့ ထိတွေ့မှုဖြစ်တယ်” ဟု ဆင်ထိုးကြီးရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယနေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက်ထိတွေ့မှုစတင်ဖြစ်ပွားပြီး ဘုရင့်တောင်ရွာကလာသည့် စစ်ကောင်စီတပ်သည် ထားဝယ်-မြိတ်ကားလမ်းရှိ KNLA တပ်ရင်း(၁၂) တပ်ခွဲ-၃ က စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် နေရာကို ထိုးဖောက်ရောက်ရှိ နေရာယူထားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
“မနက်က ပစ်ပြီးတစ်ကျော့နားနေတယ်။ အခု ကျွန်တော်တို့ (KNLA) ဘက်က လက်နက်ကြီးနဲ့ လှမ်းထုနေတယ်။ (ဆင်ထိုးကြီး) ရွာထဲ ဝင်နေတဲ့ ဒေသခံတချို့ကတော့ မနေ့ကတည်းက ထွက်ပြေးကုန်ပြီ” ဟု KNLA နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
ဧပြီလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်ကလည်း စစ်ကောင်စီလေတပ်က ဆင်ထိုးကြီးရွာကို ဗုံးတစ်လုံး၊ အင်းမရွာကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း ဆင်ထိုးကြီးရွာက ဒေသခံများက ဆိုသည်။
ယင်းနောက် ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသားရွာများကို ဗုံး ၁၃လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။
ယနေ့ ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒေသခံများ ထိခိုက်မှုမရှိသလို နှစ်ဖက်ထိခိုက်မှု ရှိမရှိလည်း မကြားရသေးကြောင်း ဆင်ထိုးကြီးရွာက ဒေသခံအချို့က ပြောသည်။
KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ဧပြီလ ၁၉ရက်တွင် တစ်ကြိမ်၊ ၂၁ ရက် နေ့လယ်ပိုင်းတွင် တစ်ကြိမ်၊ ည ၁၀ နာရီခွဲတွင် တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်-မြိတ်အတက်အဆင်းကားများ ဧပြီလ ၁၈ ရက်မှ ယနေ့အထိ လမ်းတွင် ပိတ်မိနေပြီးခရီးသည်အချို့မှာ တစ်ဦးလျှင် ငွေကျပ်သုံးသိန်းပေးကာ စပိဘုတ်ဖြင့် ခရီးသွားနေရကြောင်း စုံစမ်းသိရှိရသည်။
“ကားလမ်းကတော့ ဒီနေ့အထိပိတ်ထားတုန်းပဲ။ ကျွန်တော်တို့ကားတွေတော့ ထားဝယ်မှာ တချို့ရှိတယ်။ မြိတ်ကားဝင်းမှာ တချို့ရှိတယ်။ ကုန်တင်တဲ့ကားမဟုတ်တော့ ကုန်ပျက်စီးမှုအခြေအနေကို မသိဘူး” ဟု ထားဝယ်-မြိတ်ကားပြေးဆွဲနေသည့် မြိတ်ကားဂိတ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းလမ်းကြောင်းတွင် ကုန်စို၊ ကုန်ခြောက်ပစ္စည်းများ သယ်ယူပို့ဆောင်နေသလို ရေထွက် ကုန်နှင့် ဂေါ်ဖီ၊ ခရမ်းချည်သီး၊ ဒူးရင်းသီး၊ ဖရဲသီးစသည့် ကုန်စိမ်းများလည်း သယ်ယူပို့ဆောင်လမ်းကြောင်းလည်း ဖြစ်သည်။
ပြန်လှည့်လာ၍ရသည့် ခရီးသည်တင်ကားများနှင့် အိမ်စီးကားငယ်များမှာ ထားဝယ်ကားဝင်း၊ ပုလောကားဝင်း၊ မြိတ်ကားဝန်းတွင် စောင့်ဆိုင်းနေကြကြောင်း စုံးစမ်းသိရသည်။
ထားဝယ်ဘက်က လာသည့် ကားများမှာ စုံစင်ဖျားရွာအထိသာ သွား၍ ရပြီး မြိတ်ဘက်ကလာသည့် ကားများမှာ ပလောက်မြို့အနီးအထိသာ သွားလာ၍ ရကြောင်း ကားသမားများနှင့် ခရီးသည်များထံမှ သိရသည်။