ထားဝယ်မြို့ တွင် သီလရှင်များအတွက် သီးသန့်အသုံးပြုရန် မီးသင်္ဂြိုဟ်စက်တည်ဆောက်မည်ဖြစ်ကြောင်း ထားဝယ်မြို့သီလရှင် မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့ရှိ ဩဝါဒစရိယဆရာတော်များ၏ မိန့်ကြားခွင့်ပြုချက်ဖြင့် ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်၊ ဘုန်းကြီးပျံကုန်းတွင်ရှိသည့် ဘုန်းကြီးမီးသင်္ဂြိုဟ်စက် နံဘေးတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ ၏ ဘဏ္ဍာရေးတာဝန်ရှိသူက ပြောသည်။
“တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ သီလရှင် ဆရာလေး၊ ဆရာကြီးတွေရဲ့ သီလဂုဏ်၊ ပညာဂုဏ်နဲ့အညီ နောက်ဆုံးခရီးကို တပည့်ဒကာတွေက တင့်တင့်တယ်တယ် ကျင်းပပေးနိုင်အောင်ပါပဲ။ အခုက လူတွေနဲ့အတူ သင်္ဂြိုဟ် နေရတဲ့အခါကျတော့ မသင့်တော်ဘူးလို့ မြင်တယ်ပေါ့နော်၊ ဒါကြောင့်ပါ” ဟု ၎င်းက ဆိုသည်။
မီးသင်္ဂြိုဟ်စက် ခေါင်းတိုင်အမြင့်မှာ ပေ ၇၀နှင့် အထက်ရှိမည်ဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။
အများပြည်သူလှူဒါန်းငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကာ လာမည့်မေလတွင် စတင်တည်ဆောက်နိုင်ရန် လျာထားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။
ထားဝယ်မြို့တွင် ယခုလက်ရှိမှာ သာသနာ့နွယ်ဝင်များအတွက် အသုံးပြုသည့် ရဟန်းသံဃာတော်များအတွက် သင်္ဂြိုဟ်စက်တစ်ခုသာရှိပြီး သီလရှင် များအတွက် သီးသန့်မရှိပေ။
ယင်းကြောင့် သီလရှင်များ နာရေးဖြစ်လာသည့်အခါ အများပြည်သူအသုံးပြုသည့် ထားဝယ်မြို့ ဇဟာကျေးရွာ၌ရှိသော ဘာသာပေါင်းစုံ သုသာန်တွင်သာ သင်္ဂြိုဟ်နေရခြင်းဖြစ်သည်။
ယင်းကြောင့် သီလရှင် မီးသင်္ဂြိုဟ်စက်အတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် သီလရှင်မီးသင်္ဂြိုဟ်ဖြစ်မြောက်ရေးအဖွဲ့ (ထားဝယ်) မြို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။