ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တရားမဝင်လာသော မြန်မာများလိုက်ပါသည့်ကား ထွက်ပြေးရာမှတိမ်းမှောက်၊ မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

March 23, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတိမ်းမှောက်ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ မတ်လ ၂၃ရက် နံနက်ပိုင်းတွင် ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က ပစ်ကပ်ကားတစ်စီးကို သတင်းအရ တားဆီးစစ်ဆေးရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း ပစ်ကပ်ကားသည် ရပ်တန့်စစ်ဆေးမခံဘဲ လမ်းကြောင်းပြောင်း၍ မောင်းပြေးသွားခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးစဉ် ကားသည် လမ်းမကြီးပေါ် လမ်းကြောင်းပြောင်း မောင်းပြေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆေးရေးဂိတ်နှင့် ကီလိုမီတာ ၂၀ ခန့်အကွာတွင် ကားသည် လမ်းချော်၍ တိမ်းမှောက်သွားကြောင်း ဆိုသည်။

ကားထဲတွင် အသက် ၂၈ နှစ်အရွယ် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား ၁၂ ဦးလိုက်ပါလာပြီး မြန်မာအားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။

ကားတိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

မြန်မာနိုင်ငံသားများကို စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှတစ်ဆင့် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်သို့ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ခရီးအတွက် ဘတ် ရှစ်ထောင်ရရှိမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်။

လက်ရှိတွင် ကားသမားနှင့်အတူ ကားပေါ်ပါ မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ပြီး မြန်မာများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။