ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မဲဆောက်တွင် မြန်မာဘက် မှောင်ခိုပို့မည့် ဒီဇယ် လီတာနှစ်သောင်း ထိုင်းရဲဖမ်းမိ

March 23, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ မှောင်ခိုလမ်းကြောင်းက ပို့ဆောင်မည့် ဒီဇယ်ဆီ ၂၀၀၀၀ လီတာနှင့်အတူ ဆီသယ်ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မဲဆောက်မြို့ နယ်စပ်ဒေသဖြစ်သော ထာ့ဆိုင်လိုဝက်ဒေသတွင် မတ်လ ၂၂ ရက်နေ့က ဆယ်ဘီးတပ် ဆီသယ်ကားတစ်စီးကို အာဏာပိုင်များက သတင်းအရ သွားရောက်တားဆီးစစ်ဆေးစဉ် ကားသမားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသောနေရာသည် မြဝတီမြို့နှင့် ထိစပ်နေသော နေရာဖြစ်သည်။

ဆယ်ဘီးတပ်ယာဉ်ကို ဆီသယ်ယူနိုင်ရန် ပြုပြင်ထားပြီး အထဲတွင် ဒီဇယ်ဆီ လီတာနှစ်သောင်းကို တင်ဆောင်ထားကာ မြန်မာနိုင်ငံသို့ မှောင်ခိုင်ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ဆီသယ်ကားနှင့် နီးစပ်ရာ ဂိုဒေါင်တစ်လုံးကို ရဲတပ်ဖွဲ့က ရှာဖွေစဉ် လောင်စာဆီများ သိုလှောင်ထားသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။

ဂိုဒေါင်ထဲတွင် ၄၅၀၀ လီတာဆံ့ သိုလှောင်ကန်နှစ်ခုကို တွေ့ရပြီး ကန်ထဲတွင် လောင်စာဆီ ၃၀၀ လီတာခန့် ရှိနေကြောင်း ဖော်ပြသည်။

ဘေးတွင် ၂၀၀ လီတာဆံ့ တိုင်ကီပုံး ၁၀၁ ပုံးနှင့် ၃၀ လီတာဆံ့ ပုံး ၈၅ ပုံးတို့ကိုလည်း တွေ့ရပြီး အထဲတွင်မူ ဆီမဖြည့်ရသေးကြောင်း၊ ဆီများကို ပုံးထဲသို့ ဖြည့်၍ မှောင်ခိုပို့ဆောင်မည်ဟု ခန့်မှန်းရကြောင်း အာဏာပိုင်များက ပြောသည်။

ထို့ကြောင့် ဆီမှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းသည့် ကားသမားကို ဖမ်းဆီးခဲ့ပြီး ဆီသယ်ယာဉ်၊ လောင်စာဆီများကို သိမ်းဆည်းကာ မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

Ref: Bangkok Post, Thairath