ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖိုခနောက်ဆိုင် နိုင်ငံရေးရေထဲက တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ ဘာတွေဆက်လုပ်ဖို့ရှိလဲ

March 23, 2026

တနင်္သာရီတိုင်းအတွင်း လတ်တလောနိုင်ငံရေးအခင်းအကျင်းအရ ဖိုခနောက်ဆိုင် အခင်းအကျင်းဖြစ်လာပြီး အစုအဖွဲ့ ၃ ခုက ဦးဆောင်မောင်းနှင်မည့် အခင်းအကျင်းအဖြစ် ပုံပေါ်လာသည်။

တနင်္သာရီတိုင်းအတွင်းရှိ တိုင်းစစ်ဌာနအပါအဝင် တော်လှန်ရေး၊ နိုင်ငံရေးအစုအဖွဲ့အသီးသီးပါဝင်သည့် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ကို ဖွဲ့စည်းကြောင်း မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အပြင် မတ်လအတွင်းဖွဲ့စည်းထားသည့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရှိသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် KNU လည်း ရှိနေသည်။

ယင်းအပြင် မည်သည့်အစုအဖွဲ့တွင်မှ မပါဝင်သေးသည့် တော်လှန်ရေးအစုအဖွဲ့ များလည်းရှိနေသည်။

လက်ရှိဖွဲ့စည်းခဲ့သည့် TFUCC ကောင်စီတွင် တနင်္သာရီတိုင်းစစ်ဌာန၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM ဝန်ထမ်းရေးရာအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

ယင်းကောင်စီဖြစ်မြောက်ရေးအတွက် ၂၀၂၃ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက်အထိ မြေပြင်နှင့် အွန်လိုင်းတွင် မျက်နှာစုံညီအစည်းအဝေးလုပ်ပြီး တိုင်းအအဆင့်စုစည်းမှုအဖြစ် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ကို ဖွဲ့စည်းကြောင်း ဖော်ပြထားသည်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ပြည်သူလူထု၏ သဘောဆန္ဒကိုအခြေခံသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ယူနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် (TFUCC) ကောင်စီအနေဖြင့် ဖိုခနောက်ဆိုင် နိုင်ငံရေးအခင်းအကျင်းထဲက အထက်ပါအစုအဖွဲ့များ အပေါ် မည်သို့သဘောထားရှိသနည်း၊ မည်သို့ဆက်လက်လုပ်ဆောင်ရန် စီမံထားသနည်း၊ နိုင်ငံရေးအမြင့်ဆုံး ရည်မှန်းချက်က အဘယ့်နည်း။

အထက်ပါအချင်းအကြောင်းအရာများကိုသိရှိနိုင်ရန် တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟိန်းထက်အား မေးမြန်းထားသည်များမှ ကောက်နုတ်တင်ဆက်လိုက်သည်။

DW ။ တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC) မှာ စုစုပေါင်း အဖွဲ့အစည်း ဘယ်လောက်ပါဝင်တယ်လို့ ပြောလို့ရလဲ။ ထုတ်ပြန်ချက်မှာက ကောင်စီမှာပါဝင်တဲ့ အစုအဖွဲ့တချို့ကို ဖော်ပြထားတာတော့ တွေ့ရတယ်။

ဖြေ ။ လက်ရှိ စုဖွဲ့ထားတဲ့ ကောင်စီမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ ခရိုင်နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းစစ်ဌာန၊ သမဂ္ဂတွေ၊ လူငယ်နဲ့ အမျိုးသမီးအစုအဖွဲ့တွေ၊ CDM အစုအဖွဲ့စတဲ့ အစုအဖွဲ့ ၁၄ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။

DW ။ ဖွဲ့စည်းပုံက ဘယ်လိုပုံစံလို့ ပြောလို့ရမလဲ။

ဖြေ ။ ကောင်စီကို စုပေါင်းခေါင်းဆောင်မှုပုံစံနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကောင်စီရဲ့အမြင့်ဆုံး ဆုံးဖြတ်နိုင်တဲ့ နေရာကို အစုအဖွဲ့ ၁၄ ဖွဲ့က ပေးပို့ထားတဲ့ ကိုယ်စားလှယ် ၄၄ ဦး ပါဝင်တဲ့ လစဉ်ပုံမှန်ကျင်းပပြုလုပ်မယ့် အစည်းအဝေးဖြစ်မှာ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ် ၄၄ ထဲကပဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ၂၁ ဦးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီ ၂၁ ဦးကတော့ ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဆောင်ရွက်ပေးမှာဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်တွေအပေါ် မူတည်ပြီး ဆပ်ကော်မတီတွေလည်း ဖွဲ့စည်းဆောင်ရွက်သွားဖို့ ပြင်ဆင်လုပ်ဆောင်နေပါတယ်။ ဦးဆောင်ကော်မတီ ၂၁ ဦးထဲက ၄ လ သက်တမ်းရှိတဲ့ သဘာပတိတစ်ဦးကို ရွေးချယ်မှာဖြစ်ပြီး သဘာပတိကို အလှည့်ကျလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တဆက်တည်း ထပ်မံ ပါဝင်လာမယ့် အစုအဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်လာနိုင်ရေးကိုလည်း ကောင်စီရဲ့ လုပ်ငန်းလမ်းညွှန်အရ လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။

DW ။ ကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေက ထုတ်ပြန်ချက်မှာတော့ မတွေ့ရဘူးပေါ့နော်။ ဘာတွေလုပ်မယ်ဆိုတာမျိုး။

ဖြေ ။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုအခြေခံတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ တနင်္သာရီဖက်ဒရယ်ယူနစ်တစ်ခု ဖော်ဆောင်နိုင်ဖို့ ဖြစ်ဆိုတာက ကောင်စီရဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်ကို ပုံဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ တော်လှန်ရေးအခင်းကျင်းနဲ့အညီ အရေးကြီးလိုအပ်နေတဲ့ တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲနိုင်ဖို့ ကော်မရှင်ဖွဲ့စည်းတာမျိုးနဲ့ ဒေသတွင်း ကျန်တဲ့ အစုအဖွဲ့တွေ၊ လူမျိုးရေးအခြေပြုအဖွဲ့စည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဆောင်တာတွေအပါအဝင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒေသတွင်းက ကျန်တဲ့ အစုအဖွဲ့တွေ ပါဝင်လာရေးနဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

DW ။ ကြားကာလအစီအမံဖြစ်ဖို့အတွက်က ကော်မရှင်ဖွဲ့ထားတာ တွေ့ရတယ်။ လက်ရှိမှာ ဘာတွေလုပ်ဆောင်နေလဲ။

ဖြေ ။ ဟုတ်တယ်။ အဲဒီဟာသည် တိုင်းကောင်စီအောက်မှာရှိတယ်ပေါ့။ ကော်မရှင်မှာကတော့ တစ်ခါ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပုံစံမျိုးနဲ့ ပြန်ဖွဲ့တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ တကယ်ကတော့ တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီရဲ့အောက်မှာ သူက လုပ်ငန်းစဉ်တစ်ခုပေါ့။ ကော်မရှင်တစ်ခုပေါ့။ ကောင်စီအနေနဲ့ တနင်္သာရီဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းပြီး ပြည်နယ်ယူနစ်အတွက် အရေးကြီးတဲ့ ကြားကာလဖွဲ့စည်းပုံ ဒါမဟုတ် ကြားကာလ အစီအမံကို ရေးဆွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကြားကာလ အစီအမံရေးဆွဲရေး ကော်မရှင်အနေနဲ့ ကြားကာလအစီအမံကို ရေးဆွဲနေကြပြီဖြစ်ပါတယ်။ ကြားကာလအစီအမံကို သတ်မှတ်အချိန်မှာ ရေးဆွဲပြဋ္ဌာန်း နိုင်ဖို့လည်း ကောင်စီအနေနဲ့အလေးထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကြားကာလအစီအမံ မှုကြမ်းရေးဆွဲပြီးတဲ့အခါမှာလည်း ဒေသတွင်း အစုအဖွဲ့တွေ၊ ပြည်သူတွေရဲ့ အသံတွေ၊ အကြံပြုချက်တွေကို ရယူသွားမယ့်လုပ်ငန်းစဉ်တွေကိုလည်း စီမံထားရှိပါတယ်။

DW ။ ဒါဆိုရင် ကြားကာလအစီအမံက ဘယ်အချိန်လောက်မှာ ပေါ်ပေါက်လာမယ်လို့ ရည်မှန်းထားလဲ။

ဖြေ ။ ကောင်စီအနေနဲ့ ကြားကာလအစီအမံမူကြမ်းထွက်ရှိလာဖို့ လက်ရှိသတ်မှတ်ထားချက်အရဆို ၂၀၂၆ ခုနှစ် ဇွန်လလောက် ဖြစ်ပါတယ်။

DW ။ ကြားကာလအစီအမံ ထွက်လာပြီဆိုရင်ရော ဘာဆက်လုပ်ဖို့ရှိလဲ။

ဖြေ ။ ကြားကာလအစီအမံကို သတ်မှတ်အချိန်အတွင်း ပြီးအောင်ဆောင်ရွက်ဖို့ရယ်၊ လူထုတွေ့ရဲ့ အသံတွေကို ရယူပြီး ပြင်ဆင်ဖြည့်စွက်တာတွေ ဆက်လက်လုပ်ဆောင်ပြီး သတ်မှတ်ချက်တွေအတိုင်း အတည်ပြုနိုင်ဖို့ဆိုတာ ကောင်စီရဲ့ အဓိက လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်ပါတယ်။ ကြားကာလအစီအမံရေးဆွဲအတည်ပြုနိုင်ပြီဆို တနင်္သာရီဖယ်ဒရယ်ယူနစ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်းရေး မဏ္ဍိုင် ၃ ခုကို ဆက်လက်ကျင့်သုံးဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ဒေသတွင်းက ကျန်တဲ့အမျိုးသားရေးအခြေပြု အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ဆိုတာက အရေးကြီးတယ်ဆိုတာ ကောင်စီအနေနဲ့ အလေးထားပါတယ်။ ဒီအတွက်လည်း ကျန်တဲ့အစုအဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ကောင်စီရဲ့အရေးကြီးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

DW ။ ဆိုတော့ ကြားကာလမှာ ပြည်နယ်ဝန်ကြီးချုပ်တွေ ဘာတွေဖြစ်လာမှာပေါ့။ အစိုးရအဖွဲ့ပုံစံတွေ ဖြစ်လာမှာပေါ့။

ဖြေ ။ အသေအချာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကြားကာလအစီအမံမှာ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို ဘယ်လိုတည်ဆောက်ကျင့်သုံးသွားမယ်ဆိုတာမျိုးတွေ။ ပြီးတော့ ပြည်ထောင်စုနဲ့ ယူနစ်အကြား အာဏာခွဲဝေရေး ဘယ်လိုတွေလုပ်ဆောင်ကြမယ်ဆိုတာမျိုးတွေ ပါဝင်မှာဖြစ်ပါတယ်။ ဆိုတော့ ကြားကာလအစီအမံဟာ ယူနစ်ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေလို့လည်း ပြောနိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအဆင့်ကို မသွားနိုင်ခင်မှာ အပေါ်မှာပြောတဲ့ (၃) ခုကို တော်လှန်ရေးကာလနဲ့အညီ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အတွက် ကြားကာလအစီအမံကို ရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

DW ။ ဆိုတော့ တိုင်းထဲမှာရှိနေတဲ့ မိတ်ဖက်အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်ဖို့အတွက် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါတာရှိတာပေါ့နော်။ ဘယ်လိုလုပ်ဖို့ ပုံစံရှိလဲ။

ဖြေ ။ ကောင်စီဆိုပြီး စုဖွဲ့မှုမလုပ်ခင်ကတည်းက တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအစီအမံတွေ လုပ်ဆောင်တဲ့အခါ တိုင်းအတွင်းမှာ ရှိနေတဲ့ အစုအဖွဲ့အားလုံး ပါဝင်လာနိုင်ဖို့ဆောင်ရွက်ခဲ့ကြတယ်။ ဒီအတွက်လည်း အစုအဖွဲ့အားလုံးလိုလိုကို ဖိတ်ကြားမှုတွေ လုပ်ခဲ့ကြတယ်။ သို့သော် တချို့အစုအဖွဲ့အနည်းငယ်လောက် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တာမျိုးရှိတယ်။ လက်ရှိ ကောင်စီမှာ ပါဝင်နေတဲ့ အစုအဖွဲ့အားလုံးက တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအစီအမံတွေကို တိုင်းအတွင်းအားလုံးသော အစုအဖွဲ့တွေ ပါဝင်လုပ်ဆောင်ကြခြင်းဆိုတဲ့ အခြေခံယုံကြည်ချက်အပေါ် ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါတယ်။ လက်ရှိဆို တိုင်းအတွင်း အမျိုးသားရေးအခြေပြုအစုအဖွဲ့တွေ ပေါ်ပေါက်လာတာမျိုးလည်းရှိတယ်။ ကောင်စီအပါအဝင် ကောင်စီထဲ မပါဝင်သေးတဲ့ ပါဝင်ဖို့အခြေအနေ ပေးမနေတဲ့ အစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လိုတွေတည်ဆောက်ကြမလဲ။ တနည်းအားဖြင့် ပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာက အရေးကြီးတယ်ဆိုတာကို ကောင်စီအနေနဲ့ အပြည့်အဝ ယုံကြည် လက်ခံထားပါတယ်။ ကောင်စီအနေနဲ့ ကျန်တဲ့အစုအဖွဲ့တွေပါဝင်လာရေး အပါအဝင် ပူးပေါင်းလုပ်ဆောင်နိုင် တာတွေကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်ထည်ဖော်နိုင်ဖို့ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကောင်စီရဲ့အမြင့်ဆုံး ဆုံးဖြတ်နိုင်တဲ့ ၄၄ ဦးပါအဖွဲ့အပါအဝင် လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီတွေမှာ အသစ်ပါဝင်လာမည့် အဖွဲ့တွေအနေနဲ့ ဦးဆောင် ပါဝင်သွား နိုင်မှာ ဖြစ်ပါတယ်။ ကောာင်စီရဲ့ ဖွဲ့စည်းပုံမှာတောင် အတိအလင်းပြောထားတာက ကျန်တဲ့ဒေသတွင်းမှာ ရှိတဲ့ အဖွဲ့အစည်း အားလုံးပါဝင်လာနိုင်ရေးကို အလေးထားမယ်။ အခြခံမူအနေနဲ့ ကိုင်စွဲသွားမယ်။ ပါဝင်လာနိုင်တဲ့ကိစ္စကိုလည်း အလေးထား ဆောင်ရွက်သွားမယ်ဆိုတာမျိုးပေါ့။

DW ။ အခုဆိုရင် တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကလည်း ဖိုခနောက်ဆိုင် နိုင်ငံရေးအခင်းအကျင်း ဖြစ်နေတာ ပေါ့နော်။ အခုလက်ရှိဖွဲ့ထားတဲ့ TFUCC ကောင်စီရှိတယ်။ တစ်ဖက်မှာကလည်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရှိတယ်။ တဖက်မှာလည်း KNU ရှိတယ်ပေါ့။ ဆိုတော့ သူတို့အပေါ်မှာရော ဘယ်လိုသဘောထားရှိလဲပေါ့လေ။

ဖြေ ။ ကောင်စီအနေနဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပေါ်လာတဲ့အပေါ် လက်ရှိတနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအခင်းကျင်းမှာ အရေးကြီးတဲ့ အစုအဖွဲ့တစ်ခုဆိုတာမျိုး သဘောထားပြီး အသိမှတ်ပြုပါတယ်။ အလားတူပဲ ကျွန်တော်တို့ဒေသမှာ နှစ်ပေါင်းများစွာ အကြမ်းဖက်အာဏာရှင်တွေကို တော်လှန်လာခဲ့ကြတဲ့ KNU လည်းရှိပါတယ်။ ဆိုတော့ ကောင်စီ၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ်၊ KNUအပါအဝင် ကျန်သောအစုအဖွဲ့အားလုံးအတူတူပူးပေါင်းပြီး တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုပုံဖော်ကြမလဲဆိုတာမျိုးကိုလည်း ကောင်စီအနေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေကနေ တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအခင်းအကျင်း၊ တော်လှန်ရေး အခင်းအကျင်းအတွက် ဘုံနိုင်ငံရေးအရ သဘောတူညီချက်တွေ ရယူနိုင်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာဖို့ကို အလေးထားသွားမှာဖြစ်ပါတယ်။

DW ။ ဆိုတော့ မရှင်းတာတစ်ခုကလေ CRTH က ပြဌာန်းခဲ့တဲ့ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းရေး(ဥပဒေ) နဲ့ အခုဖွဲ့ထားတဲ့ ကော်မရှင်နဲ့က အတူတူလား သို့မဟုတ် မတူဘဲသီးခြားလားပေါ့နော်။

ဖြေ ။ မတူပါဘူးခင်ဗျား။ ကောင်စီဟာ တနင်္သာရီတိုင်းအတွင်းရှိနေတဲ့ အစုအဖွဲ့အားလုံးရဲ့ ပါ၀င်မှုလုပ်ဆောင်မှုတွေကနေလာရမယ်ဆိုတဲ့ ယုံကြည်ချက်ကို အခြေခံရပ်တည်ချက် အရ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အစုအဖွဲ့တစ်ခုတည်းက ဦးဆောင်ခဲ့တယ်ဆိုတာမျိုး လုပ်ဆောင်ခဲ့ကြတယ်ဆိုတာမျိုးက တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအကျပ်အတည်းကို ပိုဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အစဉ်အဆက်ပြောခဲ့ကြပါတယ်။ ဒီအတွက်လည်း ကောင်စီမှာပါ၀င်နေကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အားလုံးအပါအဝင် အစုအဖွဲ့အသီသီးဟာ အားလုံးပါ၀င်တဲ့အခြေအနေတွေကနေပဲ တနင်္သာရီတိုင်းရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းလုပ်ဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေအရ ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ အသေအချာပြောနိုင်တာက CRTH ကပြဌာန်းထားတဲ့ဥပဒေအရ ကောင်စီအပါအဝင် ကြားကာလအစီအမံရေးဆွဲရေး ကော်မရှင်တို့ကို ဖွဲ့စည်းထားတာမဟုတ်ပါဘူး။

DW ။ လက်ရှိ ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကောင်စီနဲ့ ဘယ်လိုချိတ်ဆက်မှု (Connection) တွေ ရှိတယ်လို့ ပြောလို့ရမလဲ။

ဖြေ ။ ကောင်စီအပါအဝင် ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မည်သည့်အစုအဖွဲ့တွေရဲ့ တိုက်တွန်းချက်ကြောင့် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လက်ရှိပကတိ တိုင်းပြည်ရဲ့ အခြေအနေအခင်းအကျင်းအရ တနင်္သာရီတိုင်းသည် ပြည်နယ်ယူနစ် တစ်ခုအဖြစ် ရပ်တည်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။ ကောင်စီဟာ တနင်္သာရီတိုင်းအတွင်းရှိ လူထုရဲ့ အကျိုးစီးပွားနဲ့ အနာဂတ်နိုင်ငံရေး မျှော်မှန်းချက်တွေအပေါ် အခြေခံပြီးဖြစ်လာတာဖြစ်ပါတယ်။ ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်းပြည်ရဲ့ တရားဝင်အစိုးရတစ်ရပ်အဖြစ် လက်ခံပြီး ကြားကာလအစီအမံတွေပေါ်လာတဲ့အချိန်တွေဆို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံမှုတွေ၊ အာဏာခွဲဝေရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမူတွေကတော့ အနာဂတ်မှာရှိလာမှာတော့ ဖြစ်ပါတယ်။ ပြန်ချုပ်ရရင် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်ထောင်စုအတွင်းက နိုင်ငံရေးအဖွဲ့စည်းတွေရဲ့ ဖိအားပေးတိုက်တွန်းမှုတွေကြောင့် ပေါ်ပေါက်လာတာမဟုတ်ဘူးဆိုတာပါ။

DW ။ ဘာဖြစ်လို့ မေးရလဲဆိုရင် လက်ရှိကော်မရှင်မှာက NUG အောက်က တိုင်းစစ်ဌာနလည်း ပါနေတယ်။ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်ပေါ့နော်။ ဆိုတော့ NUG နဲ့က ဘယ်လိုပုံစံနဲ့ သွားလဲပေါ့။

ဖြေ ။ ဒီမေးခွန်းက အရမ်းကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒေသတွင်းတော်လှန်ရေးအစုအဖွဲ့အသီးသီးမှာ ပါဝင်နေကြသူ အများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အင်စတီကျူးရှင်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေကြသူတွေ များပါတယ်။ လုံးဝ မပါကြသူတွေလည်း ရှိတယ်ပေါ့လေ။ ဆိုတော့ ဒါတွေသည် တော်လှန်ရေးရဲ့ လိုအပ်ချက်အရပါဝင်နေတဲ့ အခြေအနေလို့ပဲ ရှုမြင်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာ ရှိနေလို့ ပါနေကြလို့ ကိုယ့်တိုင်းအတွက် လုပ်စရာမလိုပြီဆိုတာ မဟုတ်ဘူးပေါ့နော်။ အမျိုးသားညီညွတ်ရေးအစိုးရမှာ ပါနေလို့ သူရဲ့ဆုံးဖြတ်ချက်ရှိမှ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ တိုင်းစစ်ဌာနအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေသူတွေ ကောင်စီမှာ ပါဝင်ဦးဆောင်နေကြတယ်ဆိုတာက ဒေသရဲ့ လိုအပ်ချက်၊ တော်လှန်ရေးရဲ့ တောင်းဆိုချက်အရ ရပ်ကြတယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။