ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်တွင် အောင်ပွဲဆင်နေသည့် တစ်ဦးတည်းသောသူ

March 23, 2026

ပုံစာ - မော်စကိုတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပသော အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန်နှင့် သဘောတူလက်မှတ်ရေးထိုးပွဲ တစ်ခု၌ တွေ့ရသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်။ ဓာတ်ပုံ - Reuters

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်ပြည်ထောင်စုသည် အီရန်စစ်တွင် အနိုင်ရနေသည်ဟု တွင်တွင်ပြောနေ၏။ သို့သော်လည်း စစ်ပွဲကာလ နှစ်ပတ်ကျော် ကြာမြင့်လာချိန်တွင် ပြတ်ပြတ်သားသား အောင်ပန်းဆင်နေသည့် တစ်ဦးတည်းသောသူမှာ ကီလိုမီတာ ၂၃၀၀ ကျော်ကွာဝေးသော နေရာ၌ နောက်စစ်ပွဲတစ်ခုကို စတင်ခဲ့သူ ဖြစ်နေသည်။ သူကား ရုရှားသမ္မတ ဗလာဒီမာပူတင်။

ဤသည်မှာလည်း အီရန်က ပဋိပက္ခကို ဒေသတွင်း အကျပ်အတည်းအဖြစ်သို့ အသွင်ပြောင်းသွားအောင် မည်မျှမြန်မြန်ဆန်ဆန် တွန်းပို့ခဲ့သနည်း ဆိုသောအချက်နှင့် အဓိက သက်ဆိုင်နေသည်။

အီရန်သည် စွမ်းအင်လိုအပ်ချက်အတွက် ပင်လယ်ကွေ့ဒေသအပေါ် အကြီးအကျယ် မှီခိုနေရသော ကမ္ဘာ့စီးပွားရေးကို အထိနာဆုံးဖြစ်အောင် ကြိုးပမ်းလျက်ရှိသည်။ ထိုအထဲတွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကို ဖြတ်တောက်ခြင်းမှသည် အိမ်နီးချင်းနိုင်ငံများရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများကို ပစ်မှတ်ထားခြင်းအထိ ပါဝင်သည်။

အီရန်သည် ပဋိပက္ခကို ချဲ့ထွင်ရန်၊ အမေရိကန်နှင့် မဟာမိတ်များအပါအဝင် အခြားသူအားလုံးအတွက် စရိတ်စက အကုန်အကျ များအောင် လုပ်ရန်နှင့် ထိုမှတစ်ဆင့် အမေရိကန်အပေါ် စစ်ရှိန်လျှော့ချရေး ဖိအားအဖြစ် ပြောင်းလဲသွားစေရန် ဆိုသည့် မဟာဗျူဟာကို အစဉ်တစိုက် အဆင်သင့်ပြင်ထားခဲ့သည်။

ယခုစစ်ပွဲအတွင်း အီရန်၏ တုံ့ပြန်မှုများသည် အံ့သြစရာ မဟုတ်သလို သမ္မတပူတင်အတွက်ဆိုပါက သာ၍ပင် အထူးအဆန်း မဟုတ်ပါပေ။

အီရန်စစ်ပွဲ၏ အဖိုးအခကို ယူကရိန်းက ပေးဆောင်နေရ

အရှေ့အလယ်ပိုင်း၌ လက်ရှိပြင်းထန်နေသော ပဋိပက္ခသည် ရုရှားကျူးကျော်ရေးတပ်များကို ခုခံတွန်းလှန်နေရသော ယူကရိန်းအပေါ် ကြီးမားသော ဆိုးကျိုးများ သက်ရောက်လျက်ရှိသည်။

ယူကရိန်းသည် လက်နက်နှင့် ခဲယမ်းမီးကျောက် ထောက်ပံ့ရေးတွင် ပိုမိုကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အမေရိကန်ပြည်ထောင်စုသည် ယခုအခါ အီရန်၌ ကိုယ်ပိုင်စစ်ပွဲတစ်ရပ်ကို ဆင်နွှဲနေရပြီဖြစ်ရာ လက်နက်လက်ကျန် လျော့နည်းလာခြင်းနှင့်အတူ ထုတ်လုပ်မှုစွမ်းအား ကန့်သတ်ချက်များလည်း ရှိလာတော့မည် ဖြစ်သည်။ ဤသည်က ယူကရိန်းအတွက် ရရှိနိုင်မည့် စစ်လက်နက်ပစ္စည်း ပမာဏအပေါ်လည်း အတားအဆီးများ ရှိလာနိုင်သည်။

ကိယက်ဗ်အတွက် ထောက်ပံ့မှုအများစုကို လက်ရှိတွင် ဥရောပမဟာမိတ်များက ကျခံနေခြင်း ဖြစ်သည်။ သို့သော်လည်း မြင့်တက်လာသော စွမ်းအင်စျေးနှုန်းများကြောင့် ဥရောပနိုင်ငံများ၏ စီးပွားရေးမှာ ပိုမိုပြင်းထန်သော ဖိအားများကို ရင်ဆိုင်ရနိုင်သည်။ သမ္မတပူတင် ကိုယ်တိုင်က ဥရောပနိုင်ငံများသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးရန် ကမ်းလှမ်းထားသည်။ သို့အတွက်ကြောင့် ယူကရိန်း၏ ခုခံကာကွယ်ရေးအတွက် ငွေကြေး ဆက်လက်ထောက်ပံ့ပေးမည့် ဥရောပ၏ ဆန္ဒနှင့် စွမ်းဆောင်ရည်မှာ စမ်းသပ်ခံရဖွယ် ရှိနေသည်။

ရုရှားအတွက် ထိုကဲ့သို့သော ကန့်သတ်ချက်များ ရှိမနေခြင်းက ယူကရိန်းစစ်ပွဲ အလားအလာတွင် အရေးပါသော အချက်တစ်ချက် ဖြစ်သည်။

ယခုဆောင်းပါးရေးသားချိန်တွင် ကမ္ဘာ့ရေနံစျေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်သွားပြီဖြစ်သည်။ ထိုးတက်နေသော ရေနံစျေးနှုန်းများသည် မော်စကိုအတွက် သေချာပေါက် အကျိုးရှိနိုင်သည်။ ဝါရှင်တန်သည် ယခင်က နိုင်ငံအချို့အား ရုရှားရေနံ မဝယ်ရန် ကန့်သတ်ပိတ်ပင်ထားခဲ့သည်။

ယခုအခါ ထိုကန့်သတ်ချက်များကို အိန္ဒိယကဲ့သို့ နိုင်ငံများအား ကင်းလွတ်ခွင့် ပေးလိုက်သည်ဖြစ်ရာ ဤသည်မှလည်း ရုရှားက အကျိုးအမြတ် ရမည် ဖြစ်သည်။ ဤအချက်သည် ရုရှား၏ စစ်ဘက်စီးပွားရေးကို တွန်းတင်ပေးမည့် လောင်စာသဖွယ် ဖြစ်လာနိုင်သဖြင့် ကရင်မလင် အနေဖြင့် စစ်သည်သစ်များ စုဆောင်းရန်၊ ဝေဟင်တိုက်ခိုက်မှုများအတွက် ဒရုန်းနှင့် ဒုံးကျည် အမြောက်အမြား ထုတ်လုပ်ရန် ထပ်ဆောင်းအရင်းအမြစ်များ ရလာမည် ဖြစ်သည်။

ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အားထုတ်မှုနည်းပါး

ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများ နည်းပါးခြင်းက စစ်ပွဲ အခြေအနေကို ရုတ်ခြည်းပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း အမေရိကန်သည် ယူကရိန်းအား ရုရှားကို အလျှော့ပေးရန် တောက်လျှောက် ဖိအားပေးနေခဲ့သည် ဖြစ်ရာ ကိယက်ဗ်အဖို့ ရှိနှင့်ပြီးသား ဖိအားများအပေါ် ထပ်ဆင့်ဖိအားများ ကြုံလာရနိုင်သည်။

ဒေါ်နယ်ထရမ့်က ပြည်တွင်း၌ စွမ်းအင်စျေးနှုန်း မြင့်မားနေခြင်းသည် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ အလားအလာကို အဟန့်အတား ဖြစ်စေနိုင်သည်ဟုသာ ဆုံးဖြတ်ခဲ့လျှင်လည်း ကိယက်ဗ်ကို မော်စကိုနှင့် သဘောတူညီချက်တစ်ရပ် ယူဖို့ တွန်းအားပေးလာနိုင်ပြန်သည်။

ထိုသို့ တွန်းအားပေးရန်အတွက် ထရမ့်သည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးကွက်ကို ပြန်ဖွင့်ပေးခြင်း လုပ်လာနိုင်သည်။ ဤသည်က ထရမ့်အတွက် ဆိုလျှင်လည်း အီရန်ပြဿနာကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက်နေခြင်းကို တစိတ်တပိုင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။

အာရုံထွေပြားစရာ အီရန်သံတမန်ရေးရာ ကိစ္စရပ်များ မရှိတော့သဖြင့် သမ္မတထရမ့်၏ ထိပ်တန်းသံတမန်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်နှင့် ဂျက်ရစ်ကွတ်ရှ်နာတို့သည် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများအပေါ် ပြန်လည်အာရုံစိုက်ရန် အချိန်ရလာသည်။

သို့ရာတွင် ယူကရိန်းနှင့် ရုရှားတို့အကြား ညှိနှိုင်းရေး သတ်မှတ်ချက်များမှာ များစွာကွာဟနေဆဲဖြစ်ရာ ငြိမ်းချမ်းရေးအတွက် ချက်ချင်းပင် တိုးတက်မှုရမည်ဟုတော့ ပြော၍ မရနိုင်ပေ။

ဥရောပရှိ ယူကရိန်း၏ အရေးအကြီးဆုံး မဟာမိတ်နှစ်နိုင်ငံဖြစ်သော ပြင်သစ်နှင့် ယူကေတို့သည်လည်း အီရန်စစ်ပွဲအတွင်း ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားနှင့် ဒေသတွင်းမဟာမိတ်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်အင်အား ဖြန့်ကျက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ ဤအချက်သည် နောင်တစ်ချိန်တွင် ရုရှား၏ ကျူးကျော်မှုများကို ဟန့်တားပေးမည့် ဥရောပ၏ လုံခြုံရေး အာမခံချက်များကို အားနည်းသွားစေသည်။

ဤသည်က အနောက်အုပ်စု၏ လုံခြုံရေးအာမခံချက်များအပေါ် ရုရှား၏ ကန့်ကွက်မှုကို လျော့နည်းကောင်း နည်းသွားစေနိုင်သည်။ သို့သော် ယူကရိန်းလိုလားသည့် သဘောတူညီချက်မျိုး ရမည့် အခွင့်အလမ်းကတော့ သေချာပေါက် မှေးမှိန်သွားမည် ဖြစ်သည်။

မတူညီသော စစ်ပွဲရည်မှန်းချက်များ

ယူကရိန်းစစ်ပွဲကာလ လေးနှစ်အထိ ရှိလာသော်လည်း ရုရှားသည် ၎င်း၏ ရည်မှန်းချက်များနှင့် အနည်းငယ်မျှသာ နီးစပ်သေးသည်။ ကိယက်ဗ်တွင် ၎င်းတို့နှင့် ရင်းနှီးသော အစိုးရတစ်ရပ် ပေါ်ပေါက်ရန်မှာ ဖြစ်နိုင်ခြေမရှိသလို ယူကရိန်းထဲတွင် မော်စကိုက ထိန်းချုပ်ထားလိုသည့် နယ်မြေအားလုံးကို ရရှိရန်မှာလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။

သို့သော်လည်း သမ္မတပူတင်၏ စစ်ပွဲရည်မှန်းချက်ကတော့ ရှင်းလင်းပြတ်သားပြီး တသမတ်တည်း ရှိနေခဲ့သည်ဟု ဆိုလျှင် ရနိုင်သည်။

အီရန်စစ်ပွဲကို စောင့်ကြည့်နေသူများအဖို့မူ မည်သူမဆို ဒေါ်နယ်ထရမ့်၏ ရည်မှန်းချက်များကို ခန့်မှန်းပြောဆိုရန် ခက်ခဲမည်ဖြစ်သည်။

ထရမ့်သည် အီရန်အစိုးရအပြောင်းအလဲ၊ ပူးပေါင်းဆောင်ရွက်မှု၊ ခြွင်းချက်မရှိ လက်နက်ချမှု စသည်တို့အထိ အလားအလာ အမျိုးမျိုးကို ချပြနေခဲ့သည်။ အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ အဆုံးသတ်ရန်၊ လက်ဝေခံ အင်အားစုများ (လက်ဘနွန်မှ ဟက်ဇဘိုလာ၊ ယီမင်မှ ဟူသီ၊ ဂါဇာမှ ဟားမတ်စ်နှင့် အီရတ်မှ ရှီးယိုက် လက်နက်ကိုင်အဖွဲ့များ စသဖြင့်) ကို ထောက်ပံ့နေမှုများ အဆုံးသတ်ရန်တို့ကိုလည်း ပြောဆိုလျက်ရှိသည်။

ယူကရိန်းနှင့်မတူသော အီရန်၏ အထီးကျန်မှု

ရုရှားကျူးကျော်စစ်အပေါ် ယူကရိန်း၏ တုံ့ပြန်မှုသည် နိုင်ငံတကာဥပဒေနှင့်အညီ တိတိကျကျ ရှိခဲ့သည်။ ရုရှား၏ ရန်လိုမှုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံခဲ့ရပြီး နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြသည်။

ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသည် ကုန်ထုတ်နိုင်ငံကြီးများဖြစ်ပြီး ပင်လယ်နက်မှာလည်း အရေးပါသော တင်ပို့မှုလမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် မြေသြဇာ ထောက်ပံ့မှုများအပေါ် ခြိမ်းခြောက်မှု ရှိလာသောအခါ နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီဖြင့် အဆိုပါပြဿနာကို တစ်စိတ်တစ်ပိုင်း ယာယီဖြေရှင်းနိုင်ခဲ့သည်။

ကုလသမဂ္ဂနှင့် တူရကီတို့ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြားဝင်စေ့စပ်ပေးခဲ့သည့် ပင်လယ်နက် ကောက်ပဲသီးနှံ အစီအစဉ် (Black Sea Grain Initiative) ကြောင့် သင်္ဘောများ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ခဲ့သည်။

ယူကရိန်းနှင့်မတူသည်မှာ အီရန်သည် ဒေသတွင်း၌သာမက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အထီးကျန်နေခြင်း ဖြစ်သည်။

မတ်လ ၁၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် ၆ နိုင်ငံဖြစ်သော ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဂျော်ဒန်နိုင်ငံတို့အပေါ် အီရန်၏ တိုက်ခိုက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။ ဟက်ဇဘိုလာမှလွဲ၍ အီရန်၏ အခြားမဟာမိတ် လက်တစ်ဆုပ်စာမှာ ယခုအချိန်အထိ လှုပ်ရှားနိုင်ခြင်း မရှိသေးပေ။

ရုရှားသည် အီရန်အား အမေရိကန်စစ်တပ် ပစ်မှတ်များနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းအချက်အလက်များနှင့် ဒရုန်းနည်းဗျူဟာဆိုင်ရာ အကြံဉာဏ်များ ပေးနေသည်ဟု အမည်မဖော်လိုသူ အရာရှိများက အမေရိကန်မီဒီယာများသို့ ပြောကြသည်များ ရှိသည်။

အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းသည် မော်စကိုအတွက် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အနေအထား ဖြစ်နေသည်။ သမ္မတပူတင်အနေဖြင့် ဤစစ်ပွဲမှ အကျိုးအမြတ်ရဖို့ ခဲယမ်းတစုံတရာ ဖြုန်းတီးရန်ပင် မလိုအပ်ပါချေ။

ရာဗီချန်ဒရာကူးမား

ရည်ညွှန်း – Only one man is doing any ‘winning’ in the Iran war by Stefan Wolff