အီရန်အနေဖြင့် ၎င်းတို့ ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို လုံးဝချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၂၁ ရက်နေ့တွင် ရာဇသံပေးလိုက်သည်။
အီရန်၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှစတင်ကာ ကျန်စက်ရုံများကိုပါ လုံးဝချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
ထရမ့်၏ အဆိုပါ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ၎င်းတို့ဘက်ကလည်း အလားတူလက်တုံ့ပြန်သွားရန် အသင့်ရှိကြောင်း အီရန်အရာရှိများက ဆိုသည်။
ထရမ့်၏ ခြိမ်းခြောက်မှုအတိုင်း လုပ်ဆောင်လာပါက ဒေသတွင်းရှိ အမေရိကန်၏ စွမ်းအင်နှင့် ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်စစ်တပ်က ပြန်လည်တုံ့ပြန်ထားသည်။
လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားသည်။
ယင်းကြောင့် ကမ္ဘာ့စွမ်းအင်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အင်မတန် ဆိုးရွားလှသည့် ထိခိုက်မှု ဖြစ်ပေါ်နေပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေနံထောက်ပံ့တင်ပို့မှုပြတ်တောက်ခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်။
Source: The Independent







