မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသည့် အာဏာရအလုပ်သမားပါတီ၏ အမျိုးသားညီလာခံတွင် လက်ရှိထိပ်သီးခေါင်းဆောင် ကင်ဂျုံးအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။
အဆိုပါ အမျိုးသားညီလာခံတွင် မြောက်ကိုရီးယား အဏုမြူစီမံကိန်းတိုးတက်အောင်မြင်မှုများကို ထုတ်ဖော်ဝင့်ကြွားခဲ့သည်။
မြောက်ကိုရီးယား၏ သံတမန်ရေးရာမှသည် စစ်ရေးစီမံကိန်းများအထိ လုပ်ငန်းစဉ်အရပ်ရပ်ကို ချမှတ်ပေးမည့် အဆိုပါ ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။
တနင်္ဂနွေနေ့က အဆိုပါ ညီလာခံကို ထောင်ချီသည့် ပါတီထိပ်ပိုင်းခေါင်းဆာင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညီလာခံသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားသည့် မြောက်ကိုရီးယား၏ နိုင်ငံရေးလည်ပတ်ပုံကို တွေ့မြင်နိုင်ခဲ့သည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ကင်ဂျုံအန်၏ အာဏာစက်ကို ပြသရာနေရာတစ်ခုအဖြစ် အများက ရှုမြင်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။
ညီလာခံကိုယ်စားလှယ်များက ကင်ဂျုံအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့ကြပြီး စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများက ကင်ဂျုံအန်အပေါ် သစ္စာစောင့်သိမည်ဟု ကတိကဝတ်ပြုခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာ KCNA သတင်းတွင် ဖော်ပြသည်။
အမည်မဖော်လိုသော ရန်သူများကို ဟန့်တားနိုင်ရန်အတွက် မြောက်ကိုရီးယား၏ အဏုမြူလက်နက်အင်အားကို သိသာထင်ရှားစွာ အဆင့်မြှင့်တင်ခဲ့သည်ဆိုပြီး ကင်ဂျုံအန်၏ ကြိုးပမ်းအားထုတ်မှုများကို ယင်းညီလာခံတွင် အထူးတလည် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
မြောက်ကိုရီးယားစစ်တပ်ကို ထိပ်သီးအင်အားကြီးစစ်တပ်တစ်ခု ဖြစ်လာစေရန် ကင်ဂျုံအန်က တက်ကြွစွာ ဦးဆောင်ခဲ့ကြောင်း အာဏာရအလုပ်သမားပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာရပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကင်ဂျုံအန် ပြန်လည်ရွေးချယ်ခံရပြီးနောက် တရုတ်သမ္မတရှီကျင့်ဖျင်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခုဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ၎င်း၏ အဆင့်အတန်းမြင့်မားလာကြောင်း သိသာထင်ရှားစွာ ပြသသည့်အနေဖြင့် ယမန်နှစ်က တရုတ်နိုင်ငံ ၊ မြို့တော်ဘေဂျင်းတွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနားတွင် ကင်ဂျုံအန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတဗလာဒီမာပူတင်တို့နှင့်အတူ ယှဉ်တွဲ၍ တက်ရောက်ခဲ့သည်။
မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးနိုင်ငံများထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း Human Rights Watch အဖွဲ့၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာက ဖော်ပြသည်။
၂၀၂၅ ခုနှစ်အတွင်း ကင်ဂျုံအန်အစိုးရက လက်နက်ထုတ်လုပ်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေချိန်တွင် သာမန်ပြည်သူလူထုမှာမူ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် မညီမျှမှုများကြား၌ အခွင့်အရေးများ ဆိုးရွားစွာ ပိတ်ပင်ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။
Source: AFP







