သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၂၀ ခန့် ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။
ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို၊ နောက်ထပ်စစ်ကြောင်းတစ်ခုမှာလည်း သရက်နှစ်ခွရွာတံတား စစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ဘက်သို့ ဦးတည်ကာ ဖေဖော်ဝါရီလ ၁၉ ရက်ခန့်မှစကာ စစ်ကြောင်းထိုးနေကြောင်း ၎င်းတို့က ဆိုသည်။
စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ်အတွင်းရှိ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်းနှင့် ညောင်ဇင်ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
“တိုက်ပွဲဖြစ်တာမရှိဘူး၊ စစ်တပ်ဘက်က တစ်ဖက်သတ်ပစ်ပြီး စစ်ကြောင်းထိုးနေတာ။ မနေ့ကဆိုရင် ဆူညံပွတ်လောရိုက်နေတာပဲ။ ညက သရက်နှစ်ခွမှာအိပ်တယ်၊ ဒီနေ့မနက် ညောင်ဇင်ဘက်ကို ပစ်ပြီးတော့ စစ်ကြောင်းတစ်ဖွဲ့ တက်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က ရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးနှင့် နံရံများတွင် ကျည်ဆန်ရာများ ထင်ကျန်ခဲ့ကြောင်း၊ နံရံကို ထိမှန်သည့်ကျည်စ ပြန်ကန်ထွက်လာပြီး အသက် ၅၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ပါးပြင်ကို ရှပ်ထိသဖြင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ရှိတွင် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံထောင်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်း KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်းဝစခန်းကို တိုက်ခိုက်သိမ်းယူရန် လုပ်ဆောင်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်ကို ကြည်း၊ ရေ၊ လေဖြင့် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနှင့် နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိနေသော်လည်း ဖုန်းလိုင်းပြတ်တောက်နေမှုနှင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတို့ကြောင့် အသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။
သရက်ချောင်းမြို့နယ်အတွင်းရှိ သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ကနက်သီရိ၊ ဝင်းဝကျေးရွာများကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၂ရက်၊ ၁၇ရက်၊ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။






