ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင် မီးပွိုင့်တွင် ကားတိုက်မှုဖြစ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမားများ အပါအဝင် ကိုးဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် ဖတ်ထလူမြို့ထဲရှိ လမ်းဆုံမီးပွိုင့်နေရာတွင် ပစ်ကပ်ကားနှစ်စီးတိုက်မိပြီး တစ်စီးက ပက်လက်လှန်ကာ တိမ်းမှောက်ကြောင်း ဖော်ပြသည်။
ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသား ငါဦးနှင့် ထိုင်းနိုင်ငံသား လေးဦးထိခိုက်ဒဏ်ရာရပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ဆိုသည်။
မြန်မာအလုပ်သမားငါးဦးသည် ဘန်ကောက်တွင် သွေးသွားစစ်ပြီးနောက် ဟတ်ယိုင်မြို့သို့ ထိုင်းကားသမား မောင်းနှင်သည့် ကားဖြင့် ပြန်လာကြောင်း သတင်းများတွင် ဖော်ပြသည်။
ယင်းသို့ပြန်လာစဉ် GPS က နေရာအမှားကို ညွှန်ပြထားသဖြင့် ဖတ်ထလူမြို့ထဲသို့ မှားယွင်းပြီး ရောက်ရှိခဲ့ကာ လမ်းဆုံမီးပွိုင့်သို့အရောက်တွင် နောက်ထပ် ပစ်ကပ်ကားတစ်စီးနှင့် တိုက်မိခဲ့သည်ဟု ကားသမားက ထွက်ဆိုထားကြောင်း ဖော်ပြသည်။
နောက်ထပ် ပစ်ကပ်ကားတစ်စီးပေါ်တွင် ကလေးငယ်အပါအဝင် ထိုင်းနိုင်ငံသား မိသားစုဝင် သုံးဦး လိုက်ပါလာပြီး ဖတ်ထလူဆေးရုံသို့ သွားရန် ထွက်လာစဉ် လမ်းဆုံတွင် ကားတိုက်မှုဖြစ်ကြောင်း ကားသမား၏ ထွက်ဆိုချက်ကို ဖော်ပြသည်။
ကားတိုက်မှုကြောင့် မိသားစုဝင်သုံးဦးစလုံး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ဖော်ပြသည်။
လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ်နှင့် ပက်သက်၍ CCTV မှတ်တမ်းများကတစ်ဆင့် စစ်ဆေးနေဆဲဖြစ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာများအပါအဝင် ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖတ်ထလူဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။
Ref: Amarin TV, Joe Joe, CH 7







