မြိတ်မြို့တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်းသွားပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ ဝန်းကျင်သာ ဈေးပေါက်နေကြောင်း မုန့်လုပ်သူအချို့နှင့် အုန်းသီးကုန်သည်များထံမှ သိရသည်။
၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် ၄,၀၀၀ အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း အုန်းသီးကုန်သည်အချို့က ဆိုသည်။
လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒေသပြင်ပသို့ တင်ပို့၍မရတော့သည့်အတွက် ဈေးကျနေခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြိတ်-ထားဝယ် လမ်းပိုင်းနှင့် အနီးဝန်းကျင်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။
“အခု ဈေးကျသွားတာက ဒေသတွင်း ရောင်းအားပဲရှိတာကိုး။ ဘယ်နေရာမှလည်း ပို့မရဘူးလေ။ အထက်ဘက်က အသိကုန်သည်တွေကို မေးကြည့်တော့လည်း သူတို့ဆီမှာလည်း ဒီအတိုင်းပဲ။ ကုန်သည်ကြီးတွေ လက်ကားမယူတော့ လက်လီပဲ ပြန်ရောင်းနေရတယ်လို့ ပြောကြတယ်” ဟု မြိတ်မြို့နေ အုန်းသီးကုန်သည်တစ်ဦးက ပြောသည်။
ယမန်နှစ်ကမူ အုန်းသီးရှားပါးပြီး တစ်လုံးလျှင် ကျပ် ၄,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားသဖြင့် မုန့်လုပ်သူများ အခက်တွေ့ခဲ့ကြောင်း မြို့ခံမုန့်လုပ်ရောင်းသူအချို့က ဆိုသည်။
ယခုနှစ်တွင် အုန်းသီးဈေး ကျဆင်းနေသည့်အတွက် အုန်းသီးကို အခြေခံပြုလုပ်သည့် မုန့်လုပ်ငန်းရှင်များ တွက်ခြေကိုက်နေပြီး သင်္ကြန်ရာသီတွင် ဈေးပြန်တက်လာနိုင်ကြောင်း မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ မုန့်လုပ်ရောင်းချသူတစ်ဦးက ခန့်မှန်းသည်။
“ဈေးကျသွားတော့ မုန့်လုပ်သမားတွေအတွက် ဝမ်းသာစရာပေါ့။ အုန်းသီးဝယ်ရတာလည်း အရင်ကလို မခက်ခဲတော့ဘူး။ ပေါပေါများများ ရနေတယ်။ သင်္ကြန်ကလည်း နီးနေပြီဆိုတော့ ဈေးကတော့ ပြန်တက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
အုန်းသီးဈေး ကျဆင်းသွားသော်လည်း အုန်းသီးဖြင့် ပြုလုပ်ထားသည့် မုန့်ဈေးနှုန်းများမှာ မူလနှုန်းထားအတိုင်းသာ ဆက်လက်ရောင်းချနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် လူကြိုက်များသည့် သာခွေယိုင်မုန့်တစ်ပွဲနှင့် ငှက်ပျောသီးပေါင်း တစ်ပွဲလျှင် ငွေကျပ် ၁,၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။







