ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလေးရှားတွင် အင်အားပြင်းငလျင် လှုပ်ခတ်

February 23, 2026

မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ်အနီး ပင်လယ်ပြင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်အစောပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်တိုင်းတာရေး ပညာရှင်များက ဆိုသည်။

အဆိုပါ ငလျင်၏ ဗဟိုချက်မှာ ကိုတာကီနာဘာလူမြို့ (Kota Kinabalu) ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ မပြည့်သော နေရာတွင်ဖြစ်ပြီး မြေအောက်အနက် ၆၁၉.၈ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက်အစောပိုင်း ၁၂ နာရီ ၅၇ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်သည့် အနက်မှာ အလွန်နက်သည့်အတွက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြေ မရှိကြောင်း အမေရိကန် ဆူနာမီသတိပေးစင်တာက ထုတ်ပြန်ထားသည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း USGS ကလည်း ခန့်မှန်းထားသည်။

မလေးရှား မိုးလေဝသနှင့် ဇလဗေဒဌာနကမူ ငလျင်ပြင်းအားကို ၆.၈ အဆင့်ရှိသည်ဟု သတ်မှတ်ထားပြီး အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည်ဟု ထုတ်ပြန်သည်။ ဆာဘားပြည်နယ်၏ အနောက်ဘက်ကမ်းရိုးတန်းနှင့် ဆာရာဝက်ပြည်နယ်အတွင်းရှိ နေရာအချို့တွင် ငလျင်တုန်ခါမှုများကို ခံစားခဲ့ရကြောင်း မလေးရှား မိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုသည်။

ငလျင်လှုပ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးသည့် သတင်းပေးပို့ချက် မရှိသေးကြောင်း ဆာဘားပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန၏ စစ်ဆင်ရေးဗဟိုဌာနက ဆိုသည်။

Source: AFP